၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက်ကုသသူနဲ့ သေဆုံးသူဦးရေ ပြီးခဲ့တဲ့နှစ်ကထက် ကျဆင်းခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလို့ ဆေးရုံတက်ရောက်ကုသသူဦးရေ ခုနစ်ထောင့်နှစ်ရာ နီးပါးရှိခဲ့ပြီး သေဆုံးသူဦးရေ ၅၈ ယောက်ရှိခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ ယခု ၂၀၁၈ ခုနှစ်မှာတော့ ဇန်နဝါရီလကနေ နိုဝင်ဘာလအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူဦးရေ သုံးထောင်ကျော်နီးပါးနဲ့ သေဆုံးသူ ဦးရေ ၂၃ ဦး ရှိနေတယ်လို့သိရပါတယ်။ ကိန်းဂဏန်းအရ နှိုင်းယှဉ်ကြည့်ရင် ၂၀၁၈ ခုနှစ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးသူဦးရေဟာ ပြီးခဲ့တဲ့ နှစ်ကထက် ထက်ဝက်ကျဆင်းခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအတွက် ခြင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ကာကွယ်နှိမ်နှင်းတဲ့ ဌာနမှာ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ အေးမွန်မွန်ကျော်က ပြောပါတယ်။ ဒီလို ဖြစ်ပွားသေဆုံးသူ ကျဆင်းသွားရတဲ့ အခြေအနေကလည်း  နှစ်အစပိုင်းကတည်းက ခြင်ကျားပိုးလောက်လန်း နှိမ်နှင်းရေးတွေ မြို့နယ်အလိုက် ဆက်တိုက်ဆောင်ရွက်ခဲ့တာကြောင့် ဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။

ဒါပေမဲ့ ဒီလို ကျဆင်းသွားတာကြောင့် ၂၀၁၉ ခုနှစ်မှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသေဆုံးသူဦးရေ ပြန်လည်မြင့်တက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ဒေါက်တာအေးမွန်မွန်ကျော်ကပြောပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ရမယ့် ခြင်ကျား ပိုးလောက် လန်းနှိမ်နှင်းရေး လုပ်ငန်းတွေကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ပြင်ဆင်နေပြီလို့သိရပါတယ်။ သွေးလွန် တုပ်ကွေးရောဂါက တစ်နှစ်ပတ်လုံး ဖြစ်ပွားနေတာကြောင့်  ခြင်ကျားပိုးလောက်လန်း နှိမ်နှင်းရေးလုပ်ငန်းဖြစ်တဲ့ ဖုံး၊ သွန်၊ လဲ၊ စစ်စတဲ့ အပြုအမူတွေကို အချိန်တိုင်း ဆောင်ရွက်နေရမှာဖြစ်တယ်လို့ ဒေါက်တာအေးမွန်မွန်ကျော်က တိုက်တွန်းပြောဆိုပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ရရှိထားတဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးသူ စာရင်းအရ လူနေထူထပ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်နဲ့ မှော်ဘီမြို့နယ်တို့က သွေးလွန်တုပ်ကွေးရောဂါ အများဆုံးဖြစ်တဲ့ မြို့နယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ မိုးဦးကျကာလတွေမှာ  သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်ပြီး အသက်ငါးနှစ်ကနေ ကိုးနှစ်အရွယ် အသက်အပိုင်း အခြားက သွေးလွန်တုပ်ကွေး ကူးစက်ခံစားရမှု ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။ 

 

 

Related News