မူဆယ်မှတစ်ဆင့် တရုတ်ပြည်ကို ဖရဲ၊ သခွားတင်ပို့တဲ့ကုန်ကားတွေဟာ ၀မ်တိန်ကိုဝင်ရောက်နိုင်ဖို့ တန်းစီစောင့်ဆိုင်းနေရပြီး ဇန်န၀ါရီလ(၇)ရက်အထိအစီးရေ (၁၀၀၀)ကျော်ပိတ်ဆို့နေတယ်လို့သိရပါတယ်။၂၀၁၈ ဒီဇင်ဘာလ (၂၀)ရက်ကစပြီး တရုတ်ပြည်ဖက်မှာ ကုန်တင်ယာဉ်တစ်စီးချင်း စစ်ဆေးမှုတွေကြောင့် မူဆယ်မှ တရုတ်ပြည်ကို ကုန်တင်ယာဉ်တွေ ၀င်ရောက်မှုကြန့်ကြာခဲ့ပြီး ကျင်စန်းကြော့ ဂိတ်ကိုလည်း ပိတ်ခဲ့တယ်လို့သိရပါတယ်။ဒါ့ကြောင့် ၀မ်တိန်ဂိတ်ကနေတရုတ်ပြည်တွင်းကို ဖရဲ၊သခွားပို့ဆောင်နိုင်ဖို့အတွက်  ကျင်စန်းကြော့ ဂိတ်မှတစ်ဆင့် တရုတ်ပြည် ၀မ်တိန်မြို့ အသီးလှယ်ကွင်းကိုသွားရောက်ရတဲ့ လမ်းတစ်လျှောက် ကုန်ကားအစီးရေ (၅၀၀)ကျော်ပိတ်ဆို့ခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာလ (၂၅)ရက်ကိုရောက်ရှိချိန်မှာတော့ တန်းစီပိတ်ဆို့နေတဲ့ကားတွေဟာ (၄)မိုင်နီးပါးအထိ ကားတန်းရှည်လျားခဲ့တယ်လို့သိရပါတယ်။

ဇန်န၀ါရီလ(၆)ရက်အရှေ့ပိုင်းမှာတော့ ကားအစီးရေ (၁၇၀)မှ(၂၂၀)ကျော်တရုတ်ပြည်ဖက်ကိုဝင်ရောက်နိုင်ခဲ့ပြီး ဇန်န၀ါရီလ(၆)ရက် မှာတော့ ကားအစီးရေ(၄၀၀)ကျော်ထိ ၀င်ရောက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့် ဇန်န၀ါရီ (၇)ရက်အထိ(၁၀၅)မိုင်မှာရှိတဲ့ အရှေ့မြောက်တံခါးက သစ်သီးကုန်စည်ဒိုင်မှာ ကားအစီးရေ(၅၀၀)လောက်ရှိပြီး ကြူကုတ်- ပန်ဆိုင်းကနေ ၀မ်တိန်ဂိတ်ကိုဝင်ဖို့ တန်းစီတာ (၅၀၀)ကျော်နဲ့စုစုပေါင်းကားအစီးရေ (၁၀၀၀)ကျော်ထိရှိနေသေးတယ်လို့သိရပါတယ်။ရန်ကုန် ခရမ်းမြို့နယ်ကနေ တရုတ်ပြည် ၀မ်တိန်ဂိတ်ကို(၁၂)ဘီးတစ်စီးအတွက်ငွေကျပ် သိန်း (၂၀)၊မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကတင်ရင် တစ်စီးကို ကျပ် (၂၂)သိန်း၊ပဲခူးဘုရားကြီးကနေ တစ်စီး ကျပ်(၁၉)သိန်း၊နွားထိုးကြီးကနေကျပ် (၁၅)သိန်းခွဲ ၀န်းကျင်ထိ တန်ဆာခဈေးနှုန်းတွေရှိတယ်လို့သိရပါတယ်။

 

 

Related News