ထူးခြားတဲ့နှစ်တစ်နှစ်အနေနဲ့(၂၀၁၈)ခုနှစ် အောက်တိုဘာလမှာ ပြည်တွင်းရွှေဈေး အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ်(၁၀)သိန်းငါးသောင်းအထိ စံချိန်တင်ဈေးမြင့်တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်အတွင်း ပြည်တွင်းအခေါက်ရွှေဈေးတစ်ကျပ်သားကို အမြင့်ဆုံး ငွေကျပ်(၈)သိန်းကျော်သာရှိခဲ့ပေမယ့် (၂၀၁၈)ခုနှစ် ဧပြီလကစတင်ပြီး  ပြည်တွင်းအခေါက်ရွှေတစ်ကျပ်သားကို ကျပ်(၉)သိန်းအထက်မှာရှိနေတာပါ။ (၂၀၁၈) သင်္ကြန်မတိုင်ခင် ဧပြီလ(၁၂)ရက် ပြည်တွင်းရွှေဈေးဟာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်(၉)သိန်းလေးသောင်းသုံးထောင်ရှိပြီး သင်္ကြန်ကာလအပြီး ဧပြီလ (၁၉)ရက်ကတော့ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ်(၉)သိန်းလေးသောင်းကိုးထောင်ထိမြင့် တရိပ်ရိပ်မြင့်တက်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ဒေါ်လာငွေလဲနှုန်းတွေဆက်တိုက်မြင့်တက်လာခဲ့ပြီး အောက်တိုဘာလလယ်ပိုင်းမှာ ပြည်တွင်းအခေါက်ရွှေဈေးဟာကျပ် (၁၀)သိန်းငါးသောင်းအထိစံချိန်တင်ဈေးမြင့်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပြည်တွင်းရွှေဈေးက ဈေးအတက်မှာပဲရှိနေပြီး လာမယ့် (၂၀၁၉)ခုနှစ်မှာလည်း ပြည်တွင်းရွှေဈေးဟာ (၁၀)သိန်းအထက်မှာပဲရှိနေနိုင်ပြီးဈေးပြန်လည်ကျဆင်းဖို့မရှိနိုင်ဘူးလို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက အခုလိုပြောပါတယ်။

ပြည်တွင်းရွှေဈေးဟာ (၂၀၁၇)ခုနှစ်နဲ့ ယှဉ်ရင် (၂၀၁၈)နှစ်မှာ ကျပ်(၁)သိန်းနီးပါးစံချိန်တင်ဈေးမြင့်တက်လာခဲ့တာဖြစ်ပြီး ဒီလိုမြင့်တက်မှုကြောင့် ရွှေဆိုင်တွေလည်း အရောင်းအ၀ယ်အေးနေခဲ့တယ်လို့သိရပါတယ်။ (၂၀၁၈)ခုနှစ်အတွင်း ရွှေဈေးစံချိန်တင်မြင့်တက်လာရတာက ဒေါ်လာဈေးတစ်ဒေါ်လာကို ကျပ်(၁၆၀၀)နီးပါး စံချိန်တင်မြင့်တက်ခဲ့တာကြောင့်လည်းဖြစ်တယ်လို့သိရပါတယ်။ ရွှေဆိုင်တွေအနေနဲ့အရောင်းအ၀ယ်ပြန်ကောင်းလာဖို့ဟာ ရွှေဈေးအတက်အကျနဲ့မဆိုင်ဘဲရွှေဝယ်ယူသူတွေရဲ့ စီးပွားရေးအခြေအနေပေါ်မှာသာမူတည်နေတယ်လို့ရွှေဘုံသာလမ်းက ရွှေဆိုင်အချို့ကအခုလိုပြောပါတယ်။ရွှေဝယ်ယူသူတွေအနေနဲ့အခုနောက်ပိုင်းမှာတော့ ရွှေအတုံးအခဲစုဆောင်းသူတွေနည်းလာတယ်လို့သိရပါတယ်။  (၂၀၁၈)ခုနှစ်မှာ ရွှေဝယ်ယူတဲ့အခါ ဒီဇိုင်းပိုင်းကို ဦးစားပေးဝယ်ယူခဲ့ကြပြီး ကိုယ်နှစ်သက်ရာဒီဇိုင်းတွေကို ဓာတ်ပုံပြကာ ပန်းထိမ်အပ်နှံသူတွေများပြားခဲ့တယ်လို့ရွှေဘုံသာလမ်းကရွှေဆိုင်တွေရဲ့ ပြောကြားချက်အရသိရပါတယ်။       

 

Related News