မြန်မာတစ်နိုင်ငံလုံးမှ မျိုးဆက်သစ်လူငယ်တွေကို ပြုလုပ်ပေးတဲ့ တတိယအကြိမ်မြောက် ရဲတံခွန်လူငယ်အစီအစဉ် နောက်ဆုံးနေ့ပြိုင်ပွဲကို ဒီဇင်ဘာလ(၁၄)ရက်က ရန်ကုန်မြို့ Melia Hotel မှာပြုလုပ်ခဲ့ပါတယ်။  ရဲတံခွန်လူငယ်အစီအစဉ်က မြန်မာတစ်နိုင်ငံလုံးက မျိုးဆက်သစ် မြန်မာလူငယ်တွေရဲ့ စွမ်းဆောင်ရည်၊ ခေါင်းဆောင်နိုင်မှု၊ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနဲ့ အရည်အသွေးတို့ကို ဖော်ထုတ်ပြသနိုင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ရဲတံခွန်လူငယ်အစီအစဉ်ကို (၂၀၁၆)ခုနှစ်က စတင် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ဘေးအန္တရာယ်ကင်းရှင်းရေးကဏ္ဍတစ်ခု ထပ်တိုးထားကာ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုဘ၀စွန့်ဦးတီထွင်မှု၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုတဲ့ ကဏ္ဍ (၅)ခုနဲ့ သက်ဆိုင်တဲ့ လူမှုအကျိုးပြု Project များကို အသင်းလိုက် ယှဉ်ပြိုင်ရတာ ဖြစ်တယ်လို့သိရပါတယ်။ ယှဉ်ပြိုင်ရာမှာ အသက် (၁၆)နှစ်မှ (၂၃)နှစ်ကြားလူငယ်တွေ ပါဝင်ယှဉ်ပြိုင်ကြရတာဖြစ်ပြီး တက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်ကြားနေတဲ့ လူငယ်များသာမက အခြားသောလူငယ်တွေလည်းဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြပါတယ်။

အခုတတိယအကြိမ်မြောက်ပြုလုပ်တဲ့  ရဲတံခွန်လူငယ်အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး တို့မှာပြုလုပ်ခဲ့ပြီး အဆင့်ဆင့်ယှဉ်ပြိုင်ရတဲ့ တံခွန်စိုက်ပြိုင်ပွဲမျိုးဖြစ်တယ်လို့ သိရပါတယ်။ ယခင်နှစ်တွေထက်ထူးခြားတဲ့ အခွင့်အရေးအနေနဲ့ အဆိုပါ တိုင်းဒေသကြီး (၄)ခုက အရည်အချင်းစစ်အဆင့် ရွေးချယ်ခံရတဲ့  အသင်း(၁၆)သင်းကို  ပြိုင်ပွဲမကျင်းပမီ စခန်းသွင်း လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့သိရပါတယ်။

ပြိုင်ပွဲဝင်ရာမှာ အဖွဲ့လိုက် Presentation နဲ့ အမေးအဖြေများကို (၁၀)မိနစ်အကြာ တင်ပြပေးရတာဖြစ်ပြီး ချန်ပီယံတစ်သင်း၊ ဒုတိယ၊ တတိယနဲ့ ပရိသတ်အကြိုက်ဆုံး အသင်း(၁)သင်းတို့ကို ရွေးချယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ချန်ပီယံအသင်းကို ဆုဖလား၊ အသိအမှတ်ပြုလက်မှတ်၊ ဆုကြေးငွေဒေါ်လာ(၁၀၀၀) ၊ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကို အခမဲ့ ခရီးစဉ်၊ Project ဆက်လက်အကောင်အထည်ဖော်ဖို့ ရန်ပုံငွေအဖြစ် ဒေါ်လာ(၂၅၀၀) ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။  ဒုတိယရရှိတဲ့ အသင်းကို ဒေါ်လာ (၅၀၀)၊ တတိယရရှိတဲ့ အသင်းကို ဒေါ်လာ(၃၀၀)၊ ပရိတ်သတ်အကြိုက်ဆုံးဆုရရှိတဲ့ အသင်းကို ဒေါ်လာ(၃၀၀)နဲ့ အသိအမှတ်ပြုလက်မှတ်တို့ကို ချီးမြှင့်ပေးသွားမယ်လို့သိရပါတယ်။

 

 

 

 

 

Related News