မျိုးဆက်သစ်မိဘမေတ္တာပရဟိတမိဘမဲ့ကျောင်း မှာ ရင်ခွင်ပိုက်ကလေးငယ်(၁၆)ယောက်နဲ့ ကျောင်းနေအရွယ်ကလေး(၇၀)ကျော်ကို စောင့်ရှောက်ပေးထားပြီး အဲ့ဒီ့ကလေးတွေအတွက် လက်ရှိမှာ ကျောင်းဆောင်သစ်တွေလိုအပ်နေသေးတယ်လို့ သိရပါတယ်။

မျိုးဆက်သစ်မိဘမေတ္တာပရဟိတမိဘမဲ့ကျောင်းကို အရှင်ဓမ္မနန္ဒဦးဆောင်ပြီး ၂၀၁၈ ခုနှစ်အစပိုင်း မှာ မိဘမဲ့ကလေးတွေအတွက်ရည်ရွယ်ပြီး လှိုင်သာယာအနောက်ပိုင်းတက္ကသိုလ်အနီး ထန်းတပင်မြို့နယ် ထိန်နှစ်ပင်ကျေးရွာ မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီကျောင်းမှာတော့ လက်ရှိ ကျောင်းဆောင်တွေကို ဝါးဒနိ၊ ဝါးကြမ်းခင်းတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး ပျဉ်ထောင်အုတ်တက်ကျောင်းကို ပြုပြင်တည်ဆောက်ပေးဖို့ လိုအပ်နေတယ်လို့ ဆရာတော် အရှင်ဓမ္မနန္ဒက မိန့်ပါတယ်။

လက်ရှိ မျိုးဆက်သစ်မိဘမေတ္တာပရဟိတမိဘမဲ့ကျောင်း မှာ နို့စို့အရွယ်ကလေးတွေအတွက် အဆောင်တစ်ဆောင် ၊ ကျောင်းနေအရွယ်ကလေး (၆၀)ကျော်အတွက် အဆောင်တစ်ဆောင်နဲ့ မီးဖိုချောင် ချက်ပြုတ်ဖို့အတွက် အဆောင်တစ်ဆောင်တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ကျောင်းဆောင် လိုအပ်ချက်အပြင် ကျောင်းကိုလာရောက်ဖို့အတွက် ခင်းထားတဲ့ လမ်းမြေနေရာကလည်း မိုးတွင်းကာလကို ရောက်မယ့်အချိန်ဆိုရင် ရွံ့မြေတွေဖြစ်နိုင်တာကြောင့် လမ်းခင်းတဲ့ လုပ်ငန်းကိုလည်း ဆောင်ရွက်နေတယ်လို့ ဆရာတော် အရှင်ဓမ္မနန္ဒက မိန့်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လတည်းမှာပဲ မိဘမဲ့ကလေးဦးရေ (၂၀)ကျော်ကို လက်ခံခဲ့ရတာကြောင့် ကလေးတွေကို စောင့်ရှောက်ဖို့ လိုအပ်တဲ့အတွက် ကလေးအတွေ့အကြုံရှိသူတွေပါ ခေါ်ထားရတယ်လို့ သိရပါတယ်။ ထပ်မံရောက်ရှိလာတဲ့ ကလေးတွေဟာ ပညာသင်ကြားဖို့အတွက် ခက်ခဲနေသေးသလို ကလေးထိန်းရာမှာလည်း အခက်အခဲလေးတွေရှိတယ်လို့ ကလေးလာရောက် ကူထိန်းပေး ဖြစ်တဲ့ မဖြူဖွေးက ပြောပါတယ်။

မျိုးဆက်သစ်မိဘမေတ္တာပရဟိတမိဘမဲ့ကျောင်းအတွက်ကျောင်းဆောင်သစ်တွေဆောက်လုပ်ဖို့ ဘိလပ်မြေ တစ်အိတ်ငွေကျပ်(၅၀၀၀) ၊ သဲကားတစ်စီးငွေကျပ်(၈၀၀၀)၊ အုတ်တစ်လုံးငွေကျပ်(၉၀)၊ သွပ်(၂၄)ပေတစ်ချပ်ကို ငျွေကပ်(၂၄၀၀၀)ကျပ် နဲ့ လှူဒါန်းနိုင်ပြီး လမ်းခင်းဖို့အတွက်ကတော့ ပေ(၂၀)တစ်ဖြတ်ကို (၃)သိန်း(၈)သောင်း ကျပ် ပါဝင်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖုန်းနံပါတ် 09422227822 ၊ 09 777717607 တို့ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

 

 

Related News