မြန်မာနိုင်ငံ မျိုးစေ့ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (WHH) နဲ့ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်တဲ့ မျိုးစေ့ပြပွဲ (မန္တလေး) ကို ဒီဇင်ဘာလ (၅)ရက်က မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းမှာ ဖွင့်ပွဲနှင့်တကွပြုလုပ်ခဲ့ပါတယ်။အဆိုပါ မျိုးစေ့ပြပွဲ (မန္တလေး) ဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ မန္တလေးသတင်းအဖွဲ့မှနေဇော်ဦးက တင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာ ပြုလုပ်တဲ့ ပထမဆုံးအကြိမ် မျိုးစေ့ပြပွဲကို မြန်မာနိုင်ငံမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ မျိုးစေ့ထုတ်တောင်သူလယ်သမားတွေ ထုတ်လုပ်ထားတဲ့ မျိုးသန့်မျိုးစေ့များ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်စေဖို့ မိတ်ဆက်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ကျင်းပတာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ဒေသတွင်း မျိုးစေ့ထုတ်တောင်သူတွေ၊ မျိုးစေ့ထုတ်ကုမ္ပဏီတွေနဲ့ မျိုးစေ့ဝယ်ယူသုံးစွဲနေတဲ့ တောင်သူလယ်သမားတွေ တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်ပြီး မျိုးစေ့ဈေးကွက် ကျယ်ပြန့် တိုးတက်လာစေမှာဖြစ်တယ်လို့  မြန်မာနိုင်ငံမျိုးစေ့ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ တာဝန်ရှိသူက ပြောပါတယ်။ 

အခုပြသနေတဲ့ မျိုးစေ့ပြပွဲ(မန္တလေး) မှာ ပြခန်းပေါင်း (၃၀)၀န်းကျင် ပါဝင်ပြသထားပြီး စပါး၊ ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နေကြာ၊ နှမ်း စတဲ့ မျိုးစေ့ (၈) မျိုးကို အဓိက ပြသရောင်းချနေပါတယ်။ ဒါ့အပြင် အထွက်နှုန်းတိုးပြီး ရောဂါဒဏ်ခံနိုင်တဲ့ မျိုးစေ့တွေ၊ ဒေသနဲ့ကိုက်ညီပြီး ရာသီမရွေး စိုက်ပျိုးနိုင်တဲ့ မျိုးစေ့တွေကို ပြသရောင်းချနေပြီး တောင်သူတွေကိုယ်တိုင် ထုတ်လုပ်ထားတဲ့ မျိုးစေ့တွေ၊ မှတ်ပုံတင်ဖို့ စမ်းသပ်ထားတဲ့ မျိုးစေ့အသစ်တွေကိုလည်း ပြသထားတယ်လို့သိရပါတယ်။ အခုလိုမျိုးစေ့ပြပွဲတွေက တောင်သူတွေအတွက်မျိုးကောင်းမျိုးသန့်တွေရဲ့အရေးပါပုံကို သိရှိစေနိုင်သလိုတယ်လို့ ပြပွဲလာရောက်တဲ့တောင်သူအချို့ကပြောပါတယ်။ အခုပြသနေတဲ့ မျိုးစေ့ပြပွဲ(မန္တလေး)ကို ဒီဇင်ဘာလ (၅)ရက်ကနေ (၆)ရက်အထိ (၂)ရက် ပြုလုပ်သွားမှာဖြစ်ပြီး နေပြည်တော် နဲ့ ရှမ်းပြည်နယ်တို့မှာ ဆက်လက်ပြသသွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

 

Related News