နိုဝင်ဘာ(၁၄)ရက်မှာ ကျရောက်မယ့်  ကမ္ဘာ့ဆီးချို သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပြုလုပ်သွားမယ့်လို့  ဒီနေ့ နိုဝင်ဘာ(၁၃)ရက်က Novotel Hotel မှာပြုလုပ်ခဲ့တဲ့  ကမ္ဘာ့ဆီးချိုသွေးချို ရောဂါကာကွယ်ထိန်းသိမ်းရေးနေ့(၂၀၁၈) လုထုအကြိုလှုပ်ရှားမှု အခမ်းအနားက သိရပါတယ်။  ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ကို နှစ်စဉ်နိုဝင်ဘာ(၁၄)ရက်မှာကျင်းပနိုင်ဖို့အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) နဲ့ အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုရောဂါအသင်းချုပ်(IDF)တို့မှ (၁၉၉၁) ခုနှစ်က စတင်သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ယနေ့ခေတ်ကာလမှာ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုနှုန်းကပိုမိုများပြားလာ သလို ပြည်သူလူထုကလည်း ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာများ စားသုံးမှုများပြားလာခြင်း၊ အသီးအရွက်စားသုံးမှု လျော့နည်းလာခြင်း၊ ကိုယ်လက်လှုပ်ရှားမှုအားနည်းလာခြင်း၊ အရက်သေစာသောက်သုံးမှုများပြားလာခြင်းတို့နဲ့ ဆေးလိပ် အလွန်အကျွံ သောက်သုံးလာခြင်းတို့ကြောင့် ဖြစ်ပွားမှုတွေများပြားလာတာဖြစ်တယ်လို့သိရပါတယ်။

အခုလို ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားမှုတွေ လျော့နည်းအောင်လို့ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်းကဦးဆောင်ပြီး  ပြည်သူလူထုသိရှိစေဖို့ ကျန်းမာရေးအသိပညာပေးတာ ကျန်းမာရေးစစ်ဆေးပေးတာတွေကို ဒီနေ့ နိုဝင်ဘာ(၁၃)ရက်ကတည်းက အကြိုလူထုလှုပ်ရှားမှု အနေနဲ့ ပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့(၂၀၁၈) လူထုအကြိုလှုပ်ရှားမှုနေ့မှာ ဆေးကုမ္ပဏီတွေအပါအ၀င် ပုဂ္ဂလိကဆေးရုံတွေက တက်ရောက်လာတဲ့  ပြည်သူလူထုများကို ကျန်းမာရေးအခမဲ့စစ်ဆေးပေးခြင်း၊ ကျန်းမာရေးပညာပေး စာစောင်များဖြန့်ဝေခြင်း အပါအ၀င် ကျန်းမာရေးပညာပေးပြခန်းများနဲ့ ဆေးဝါးထုတ်လုပ်တင်သွင်းသူများရဲ့ ပြခန်းတွေကို လည်း ပြသသွားမယ်လို့သိရပါတယ်။

ဒါ့အပြင် ဆီးချိုဝေဒနာရှင်တွေအတွက် ဆီးချိုသွေးချိုရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေး ဗဟုသုတ အမေးအဖြေတွေ၊ ဥာဏ်စမ်းတွေကိုလည်း ပါဝင်ဖြေဆိုပြီး အဖြေမှန်ပါက လက်ဆောင်ပစ္စည်းတွေလည်း ပေးမယ့် အစီအစဉ်တွေလည်း ပါဝင်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ရေးနေ့ကို (၁၉၉၈)ခုနှစ်မှာ တစ်ကြိမ် စတင်ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ (၂၀၀၁)ခုနှစ်ကစပြီး (၂၀၁၈)ခုနှစ်အထိ နှစ်စဉ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ(၁၄)ရက်မှာကျရောက်မယ့် ကမ္ဘာ့ ဆီးချို သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့(၂၀၁၈)ကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဦးဆောင်ပြီး နေပြည်တော်မှာကျင်းပသွားမယ်လို့ သိရပါတယ်။

 

 

 

Related News