ပျဉ်းမနားမြို့နယ်ကပေါင်းလောင်းအားကစားကွင်းမှာ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ နောင်ရိုးဖလား အမျိုးသားအလွတ်တန်း လေးယောက်တွဲ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို နိုဝင်ဘာ(၈)ရက်က စတင်ပြုလုပ်ခဲ့ပါတယ်။ နေပြည်တော်သတင်းအဖွဲ့က တင်ဆက်ပေးပါမယ်။ လေးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွေကို အာရှအားကစားပြိုင်ပွဲတွေမှာ ထည့်သွင်း ကျင်းပပေမယ့် မြန်မာနိုင်ငံမှာတော့ လူသိနည်းကာ အားကစားသမားတွေအနေနဲ့ မိမိတို့ဘာသာလေ့ကျင့်ပြီး ယှဉ်ပြိုင်နေရတဲ့ ကစားနည်းဖြစ်ပါတယ်။

ဒါကြောင့် ပြိုင်ပွဲဝင်အားကစားသမားတွေအတွက်လဲ အထောက်အကူဖြစ်စေရေးနဲ့ မျိုးဆက်သစ်အားကစားသမားတွေ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ပြီး အမျိုးသားအလွတ်တန်း လေးယောက်တွဲဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကိုပြုလုပ်ခဲ့တာလို့ နောင်ရိုးဖလား အမျိုးသားအလွတ်တန်း လေးယောက်တွဲဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းကပြောပါတယ်။ ယခုပြုလုပ်နေတဲ့ နောင်ရိုးဖလား အမျိုးသားအလွတ်တန်း လေးယောက်တွဲဖိတ်ခေါ်ပိုက် ကျော်ခြင်း ပြိုင်ပွဲကို ပျဉ်မနားမြို့နယ်က ပေါင်းလောင်းအားကစားကွင်း မိုးလုံလေလုံအားကစားရုံမှာ နိုဝင်ဘာလ(၈)ရက်ကနေ (၁၁)ရက်အထိ(၄) ရက်ကြာပြုလုပ်သွားမှာပါ။

အဆိုပါပြိုင်ပွဲကို ပြည်ထောင်စုနယ်မြေ ဖြစ်တဲ့နေပြည်တော် ဒေသတွင်းက အသင်းပေါင်း(၂၂)သင်းမှ အားကစားသမား(၁၃၀)ကျော် ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ပြိုင်ပွဲတွေကို အုပ်စု(၈)အုပ်စုခွဲကာ အဆင့်ဆင့်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပထမဆုအနေနဲ့ ငွေကျပ် ၁၀သိန်း၊ ဒုတိယဆု ငွေကျပ်(၇)သိန်း၊ တတိယဆု ငွေကျပ်(၅)သိန်းနဲ့ စတုတ္ထဆု ငွေကျပ်၃သိန်းတို့ကို ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ နောင်ရိုးဖလား အမျိုးသားအလွတ်တန်း လေးယောက်တွဲဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို နောင်ရိုး နည်းပညာကုမ္ပဏီက ကြီးမှူးကျင်းပတာဖြစ်ပြီး မန္တလေးမြို့နဲ့ ရန်ကုန်မြို့မှာလည်း ဆက်လက်ပြုလုပ်သွားမယ်လို့သိရပါတယ်။

 

 

Related News