စက္ကူနဲ့ ပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာကစားစရာအရုပ်တွေကို ဘုရားစောင်းတန်းနဲ့ ဘုရားပွဲဈေးတွေမှာ အများဆုံးရောင်းချကြပါတယ်။ ဒီအရုပ်လေးတွေ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ရတဲ့ ပြုလုပ်ပုံအဆင့်ဆင့်ကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လမင်းမျက်နှာဖုံးနှင့်ကျေးလက်စက္ကူရုပ်လုပ်ငန်း ကို (၂၀၀၉)ခုနှစ်က စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ စတင်လုပ်ဆောင်စဉ်တုန်းက ဘုရားပွဲနဲ့ ဘုရားစောင်းတန်းတွေမှာရောင်းချတဲ့ နွားရုပ် ၊ ကျွဲရုပ်တို့ကိုသာ ပြုလုပ် ရောင်းချခဲ့ပြီး အခုနောက်ပိုင်း မှာတော့ နိုင်ငံခြားသားတွေက လာရောက်အပ်နှံတဲ့ အရုပ်တွေကို လုပ်ဆောင် နိုင်တဲ့အထိ ကျယ်ပြန့်လာခဲ့ပြီ ဖြစ်တယ်လို့ စက္ကူရုပ်လုပ်ငန်းပိုင်ရှင် ကိုညီညီအောင်က ပြောပါတယ်။ 

စက္ကူရုပ်တစ်ရုပ်ရဖို့လွယ်ကူတယ်လို့ထင်ရပေမဲ့ တကယ်တမ်းလုပ်ဆောင်ရာမှာတော့ လွယ်ကူမှုမရှိလှပါဘူး။ လမင်းမျက်နှာဖုံးနှင့်ကျေးလက်စက္ကူရုပ်လုပ်ငန်း ကိုတော့ ဒဂုံဆိပ်ကမ်းမှာ ပြုလုပ်ဆောင်ရွက်တာ ဖြစ်ပြီး စက္ကူရုပ်ပြုလုပ်ဖို့အတွက် သစ်သားနဲ့ မိုအရင်ထုလုပ်ထားပြီး အဲ့ဒီ့မိုအရုပ်ပေါ်မှာ ရေနံချေးသုတ်ကာ သတင်းစာ ဂျာနယ်အဟောင်းတွေကို ဆန်မှုန့် ကြိုထားတဲ့ကော်နဲ့သုတ်ပြီး မိုအရုပ်ပေါ်မှာ အထပ်ထပ်ကပ်ပေးရပါတယ်။

ပြီးရင်တော့ နေလှန်းကာအခြောက်ခံရပါတယ်။ နေလှန်းတဲ့ အခါမှာလည်း အရုပ်အရွယ်အစားလိုက် ကွာခြားချိန်တွေ ရှိပါတယ်။ ခြောက်သွားတဲ့ အရုပ်တွေရဲ့စက္ကူတွေကို ဓားနဲ့ ခွဲပေးရပါတယ်။ ခွဲပြီးတဲ့ အရုပ်တွေကို အကွဲပြန်ဆက်ပြီး နေထပ်လှန်းပေးရပါတယ်။ အဆင့်ဆင့်နေလှန်းပြီးရင်တော့ အချောကိုင်ကာ ဆေးသုတ်တဲ့အဆင့်ကတော့ နောက်ဆုံးအဆင့်ဖြစ်ပြီး မြန်မာ့ရိုးရာစက္ကူရုပ်ကို ရရှိမှာ ဖြစ်တယ်လို့ ကိုညီညီအောင်က ပြောပါတယ်။ 
အခုလို အချိန်ယူ ခက်ခက်ခဲခဲ လုပ်ဆောင်ရတဲ့ စက္ကူရုပ်တွေဟာ နိုင်ငံခြားကမှာယူမှုတွေအထိရှိလာသလို ပြည်တွင်းက မြန်မာ့လက်မှုပစ္စည်းအရောင်းဆိုင်တွေမှာ အရောင်းသွက်လာတဲ့ လက်ဆောင်ပေးရင်လည်း လှပမှုရှိတဲ့ စက္ကူရုပ်တွေလည်း ဖြစ်လာပါပြီ။ ရန်ကုန်မြို့ ဆူးလေနားမှာ ဖွင့်လှစ်ထားတဲ့ "လှတယ်" မြန်မာ့ရိုးရာလက်မှုကစားစရာပစ္စည်းအရောင်းဆိုင်မှာဆိုရင်လည်း ဒီစက္ကူရုပ်တွေကို ပြည်တွင်း၊ ပြည်ပဝယ်ယူ သူတွေက အများဆုံး လက်ဆောင်အဖြစ်ဝယ်ယူကြတယ်လို့ "လှတယ်" မြန်မာ့ရိုးရာ လက်မှုကစားစရာ ပစ္စည်းအရောင်းဆိုင်က  မစပယ်တင်က ပြောပါတယ်။ 

ဒီလို ရောင်းအားကောင်းနေပေမဲ့ လုပ်ငန်းရဲ့ ခက်ခဲမှုအပိုင်းကတော့ ဝန်ထမ်းရှားပါမှုဖြစ်တယ်လို့ လမင်းမျက်နှာဖုံးနှင့်ကျေးလက်စက္ကူရုပ် လုပ်ငန်း ပိုင်ရှင် ကိုညီညီအောင်က ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လုပ်ငန်းကို နိုင်ငံခြားထိ ဈေးကွက်ချဲ့ထွင်နိုင်အောင် ဆောင်ရွက်စေချင်သလို ပြည်တွင်းမှာလည်း မြန်မာ့ရိုးရာ ကျေးလက်လက်မှု ပစ္စည်းရွာကြီးတစ်ရွာဖွင့်လှစ်နိုင်အောင် ဆောင်ရွက်လိုတဲ့ ဆန္ဒတွေရှိနေတယ်လို့ သိရပါတယ်။

 

Related News