ပန်းချီဆရာမ ရွှေသီရိခေတ်ဟာ ပန်းချီရေးဆွဲရာမှာ မိန်းကလေးပုံပန်းချီကားတွေကိုသာ ရေးဆွဲလေ့ရှိပါတယ်။ မိန်းကလေး ပုံစံပန်းချီကားပေါင်းများစွာကို တစ်မျိုးနဲ့တစ်မျိုး အမြင်မတူအောင် ရှုထောင့်မတူအောင် ဖန်တီးပုံဖော် လေ့ရှိပါတယ်။ ရေးဆွဲထားတဲ့ပန်းချီကားတွေကို ရောင်းချလေ့မရှိတာကလဲ ဆရာမရွှေသီရိခေတ်ရဲ့ ထူးခြားချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ပန်းချီဆရာမရွှေသီရိခေတ်ဟာ ငယ်စဉ်ကတည်းက ပန်းချီပညာရပ်ကို ၀ါသနာပါခဲ့သူတစ်ဦးပါ။ ပန်းချီပညာရပ်ကို လေ့လာဆည်းပူးခဲ့ပြီးနောက်မှာတော့ ပန်းချီကားမျိုးစုံကိုရေးဆွဲခဲ့ပေမယ့် 2007 ခုနှစ်ကစပြီး မိန်းကလေးပုံစံပန်းချီကား တစ်မျိုးတည်းကိုသာ တစ်စိုက်မတ်မတ်ရေးဆွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 2008ခုနှစ်မှာတော့ ပန်းချီပြပွဲတစ်ခုမှာ သူမရဲ့ ပန်းချီကားဆယ်ကားကို ၀င်ရောက်ပြသခဲ့ဖူးတယ်လို့သိရပါတယ်။ နောက်ပိုင်းမှာတော့ ပန်းချီကားတွေကို စိတ်ကူးရှိသလို ပုံဖော်ရေးဆွဲပြီး သိမ်းထားလေ့ရှိတယ်လို့ ပန်းချီဆရာမရွှေသီရိခေတ်က ပြောပါတယ်။

ဆရာမရွှေသီရိခေတ်ဟာ ပန်းချီကားတွေကို အစပိုင်းမှာတော့ ဆီဆေး အခရိုင်းလစ်အစရှိတာနဲ့ ရေးဆွဲခဲ့သလို နောက်ပိုင်းမှာတော့ Digital art လို့ခေါ်တဲ့ ကွန်ပျူတာနဲ့ ပန်းချီရေးဆွဲတဲ့ဘက်ကို ပုံစံပြောင်းလဲခဲ့တယ်လို့သိရပါတယ်။ ပန်းချီကားချပ်ပေါ်မှာရေးဆွဲတာနဲ့ ကွန်ပျူတာပေါ်မှာရေးဆွဲတာ စိတ်ခံစားချက်တွေကတော့ အတူတူဘဲလို့ ပန်းချီဆရာမကရွှေသီရိခေတ်က ပြောပါတယ်။

ပန်းချီဆရာမရွှေသီရိခေတ်ဟာ လက်ရှိမှာ မိန်းကလေးပုံစံပန်းချီကားပေါင်း တစ်ရာကျော်ကိုရေးဆွဲထားပြီး တစ်ကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်ဖို့ အစီအစဉ်ရှိတယ်လို့သိရပါတယ်။ နောက်ပိုင်းမှာလည်း အွန်လိုင်းကနေ ပန်းချီပညာရပ်ကို သင်ကြားပို့ချ သွားဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

 

Related News