လာမယ့်နိုဝင်ဘာ(၁)ရက်ကစပြီး ရန်ကုန်မြို့တွင်းမှာ ကားပါကင်ကြေးတွေပြန်လည်ကောက်ခံတော့မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားမှုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မြို့တော်ဝန်နဲ့ တိုင်း လွှတ်တော်မှာ သီးခြားထပ်မံဆွေးနွေးဖို့ စာတင်ထားတယ်လို့သိရပါတယ်။ 

လာမယ့်နိုဝင်ဘာ(၁)ရက်ကစပြီး ရန်ကုန်မြို့တွင်းမှာ ကားပါကင်ကြေးတွေပြန်လည်ကောက်ခံတော့မှာနဲ့ ပတ်သက်လို့ တင်ဒါစည်းမျဉ်းစည်းကမ်းတွေ၊ ပါကင်လိုင်းတွေစနစ်တကျရေးဆွဲဖို့၊ ပြည်သူတွေရဲ့အခက်အခဲ၊ မြို့တွင်းနေပြည်သူတွေနဲ့ ပတ်သက်လို့ ကိုယ့်အိမ်ရှေ့ကိုယ်ကားရပ်ထားရင် နာရီတိုင်း(၂၀၀)ကျပ် စရိတ်တက်နေမယ့်အခြေအနေ၊ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ ၊ စနစ်တကျစီမံဆောင်ရွက်ဖို့ စတာတွေအတွက် Down Town (၆)မြို့နယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၁၂)ဦးက ရန်ကုန်မြို့တော်ဝန်နဲ့ ညှိနှိုင်းဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဒီအတွက် တိုင်းဒေသကြီး လွှတ်တော်မှာ တရားဝင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းသွားမှာဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပြီးဆုံးကတည်းက လွှတ်တော်ဥက္ကဋ္ဌထံ စာတင်ထားတယ်လို့ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာကပြောပါတယ်။ 

လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူပေးမှသာတွေ့ဆုံရမှာဖြစ်ပြီး ခေါ်ယူပေးထားလား၊ မထားလားလည်းမသိရသေးသလို  ခုထိတော့အကြောင်းမပြန်သေးဘူးလို့သိရပါတယ်။ ဒီအတွက် ဆက်လက်တိုက်တွန်းသွားရအုံးမယ်လို့လည်း ဆိုပါတယ်။ ကားပါကင်ကြေးကောက်ခံဖို့အတွက် ယာဉ်ရပ်နားကန့်သတ်ဇုန်(၈)ဇုန် သတ်မှတ်ကာ  မြို့တွင်းအမည်တပ်လမ်းမကြီး တွေမှာ မနက်(၈)နာရီကနေ ညနေ(၆)နာရီအထိ တစ်နာရီကို (၂၀၀)ကျပ်နဲ့နှုန်း ပြန်လည်ကောက်ခံသွားမှာဖြစ်ပါတယ်။ အောက်တိုဘာ(၉)ရက်ထိ ယာဉ်ရပ်နားကန့်သတ်ဇုန်(၈)ဇုန်အတွက် (၅)ဇုန်သာ တင်ဒါအောင်မြင်ထားသေးပါတယ်။ 

ကားပါကင်ကြေးကောက်ခံတာကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကတည်းက ရပ်ဆိုင်းလိုက်တာဖြစ်ပြီး အစိုးရက ကောက်ခံခြင်း မရှိပေမယ့် တရားမ၀င်ကောက်ခံမှုတွေကြောင့် ကောက်ခံသူတွေသာအကျိုးအမြတ်ရရှိခဲ့ပြီး နိုင်ငံတော်က ဘဏ္ဍာငွေတွေ ဆုံးရှုံး ခဲ့ရတယ်လို့လည်း မြို့တော်ဝန်ကပြောပါတယ်။ လက်ရှိမှာ ရသင့်ရထိုက်တဲ့ နိုင်ငံတော်ဘဏ္ဍာငွေတွေ ရရှိဖို့ ရည်ရွယ် ကောက်ခံတာဖြစ်တယ်လို့ပြောပါတယ်။ လက်ရှိ တင်ဒါစနစ်ကို လုပ်ဆောင်ဖို့ (၅)လ သတ်မှတ်ထားပြီး ဒီကာလပြီးဆုံး သွားရင်တော့ ပိုမိုခေတ်မီစနစ်ကျတဲ့ Smart Car Parking System လုပ်ဆောင်ဖို့စီစဉ်ထားတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ 

 

 

Related News