ဘတ်(စ်)ကားစနစ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ YRTA နဲ့  Jica(ဂျိုက်ကာ)တို့  ပူးပေါင်းပြီး မြို့တော်ခန်းမရှေ့ ဆူးလေမှတ်တိုင်ကို စနစ်ကျတဲ့ကားမှတ်တိုင်အဖြစ် ကနဦးအနေနဲ့ စမ်းသပ် လုပ်ဆောင်နေပါတယ်။ မြို့တော်ခန်းမရှေ့ ဆူးလေမှတ်တိုင်မှာ   အောက်တိုဘာလ(၁၆)ရက်နေ့က စတင်ပြီး Jica(ဂျိုက်ကာ)က ပညာရှင်တွေ ၊YRTA က တာဝန်ရှိသူတွေပူးပေါင်းပြီး YBS(၄)၊ YBS(၇) ၊ YBS(၅၇)၊ YBS(၇၂)၊ YBS(၈၉)စတဲ့ ယာဉ်လိုင်း(၅)လိုင်းကို စနစ်တကျဝင်ရောက်ရမယ့် မှတ်တိုင်နေရာများနဲ့ ခရီးသည်အတင်အချနေရာတွေကို  သတ်မှတ်ဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။

စနစ်အသစ် သတ်မှတ်ချက်အရ  လမ်းဘယ်ဘက်ဖြစ်တဲ့ အတွင်းပိုင်းမှာတော့ YBS ယာဉ်လိုင်း(၂)လိုင်းကို  မျဉ်းဖြူအံကွက်တွေ ရေးဆွဲပေးထားကာ ခရီးသည်တင်ချရာနေရာတွေအဖြစ် သီးခြားစီ သတ်မှတ်ထားပြီး အပြင်ဘက်မှာတော့ YBSယာဉ်လိုင်း(၃)လိုင်းအတွက် ခရီးသည်တင်ချနိုင်ဖို့ သီးခြားသတ်မှတ် ပေးထားတယ်လို့ သိရပါတယ်။  သတ်မှတ်ထားတဲ့နေရာတွေမှာ ခရီးသည်တင်ချနိုင်ဖို့နေရာတွေကို ယာဉ်မောင်းနဲ့ ခရီးသည်တွေ သိရှိစေဖို့အတွက် လမ်းညွှန်ဆိုင်းဘုတ်အမှတ်သားတွေ ပြသထားတာတွေ့ရပါတယ်။

အရင်က မြို့တော်ခန်းမရှေ့ ဆူးလေမှတ်တိုင်မှာ ဒီယာဉ်လိုင်း(၅)လိုင်းပြေးဆွဲပြီး ယာဉ်စီးရေ(၁၀၀)ကျော် ခရီးသည်တင်ချပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီလို ခရီးသည်တင်ချပြုနေချိန် ယာဉ်ကြောဆိုင်ရာစီမံခန့် ခွဲမှုမရှိခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် ရန်ကုန်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးဘတ်(စ်)ကားဝန်ဆောင်မှုအဆင့်မြှင့်တင်သည့်စီမံကိန်းအနေနဲ့ ယာဉ်များ စည်းကမ်းတကျသွားလာစေရေးနဲ့ လမ်းသွားလမ်းလာပြည်သူတွေအတွက်လည်း လုံခြုံမှုရှိစေဖို့ အခုလို စနစ်တကျ ကားမှတ်တိုင်အဖြစ် စမ်းသပ်လုပ်ဆောင်တာလို့ သိရပါတယ်။

မြို့တော်ခန်းမရှေ့ ဆူးလေမှတ်တိုင်မှာ Jica (ဂျိုက်ကာ)က အခုဆောင်ရွက်တဲ့ မှတ်တိုင်စနစ် အောင်မြင်ခဲ့ရင်တော့ လူစည်ကားရာနေရာတွေဖြစ်တဲ့ စံပြဈေး၊ မြေနီကုန်း၊ လှည်းတန်းအစရှိတဲ့နေရာတွေအပါအ၀င် ယာဉ်ကြောကြပ်တည်းမှု အဖြစ်ဆုံးနေရာ(၁၀)ခုကိုလည်း အခုလိုစနစ်မျိုးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

Related News