ခရီးသွားပြည်သူတွေအနေနဲ့ အခုလက်ရှိမှာ သီတင်းကျွတ်ပိတ်ရက်တွေအတွက် ကားလက်မှတ်တွေ ကြိုတင်ဝယ်ယူ နေကြပါပြီ။ အဲဒီလိုဝယ်ယူမှုတွေရှိတာကြောင့် မြန်မာပြည်အနှံ့ ခရီးစဉ်အားလုးံအတွက် ကားလက်မှတ်တွေ ပြတ်လပ်တဲ့ အထိကို ရောင်းအား ကောင်းနေတယ်လို့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေက သိရပါတယ်။ တစ်နှစ်ပတ်လုံးမှာ သီတင်းကျွတ်ကာလနဲ့ သီတင်းကျွတ်မတိုင်မီကာလတွေဟာ ခရီးသွားလာမှုများတဲ့ ကာလတွေ ဖြစ်တယ်လို့ သိရပါတယ်။

အခုလက်ရှိမှာလည်း သီတင်းကျွတ်ပိတ်ရက်တွေမှာ အများပြည်သူတွေ အပန်းဖြေနိုင်ဖို့အတွက် ပြည်တွင်းခရီးသွား လုပ်ငန်းတွေမှာ လက်မှတ်တွေကြိုတင်ဝယ်ယူနေကြပါပြီ။ သီတင်းကျွတ်ကာလ နောက်ပိုင်းမှာလည်း ပွဲတော်တွေဆက်တိုက်ရှိနေတာကြောင့် မြန်မာပြည်အနှံ့ခရီးစဉ်တော်တော်များများအတွက် လက်မှတ်တွေရောင်းချနေရပြီး စက်တင်ဘာလဆန်းပိုင်းထဲက ကြိုတင် ၀ယ်ယူမှုတွေရှိနေတာကြောင့် လက်မှတ်တွေပြတ်လပ်တဲ့အထိ ရောင်းအားကောင်း နေတယ်လို့ စိန်ဝင်းနှင့်ရောင်းရင်းများ မြန်မာပြည်အနှံ့ ဘုရားဖူးပို့ဆောင်ရေးက တာဝန်ခံမသဲစုက အခုလိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်သီတင်းကျွတ်ကာလတွေက ခရီးသွားလာမှုနည်းပါးခဲ့ပေမယ့် ဒီနှစ်မှာတော့ ခရီးသွားလာမှုဟာ များပြားနေပါတယ်။ ကာလတူနှိုင်းယှဉ်ပါက နှစ်ဆခန့်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တောင်ကြီးခရီးစဉ်ကို သွားရောက်ဖို့ လက်မှတ်ဝယ်ယူမှုကအများဆုးံဖြစ်နေပြီးပုဂံ၊ ပုပ္ပါး၊ မန္တလေး၊ မြ၀တီ၊ မော်လမြိုင်၊ ကျိုက္ခမီ၊ စက်စဲ၊ ဘားအံ ဘက်ကိုလည်း သွားလာမှု များနေပါတယ်။

ဒါ့အပြင် အပန်းဖြေခရီးစဉ်တွေဖြစ်တဲ့ ငွေဆောင်၊ ချောင်းသာခရီးစဉ်တွေ ကိုလည်း သွားလာမှုတွေများပြားနေလို့ လက်မှတ်အရောင်းတွေကို အခုလလယ်ပိုင်းကတည်းက ရောင်းချမှုပိတ်လိုက်ပြီလို့ မြရတနာ(Asia King)မြန်မာပြည်အနှံ့ဘုရားဖူး ပို့ဆောင်ရေးတာဝန်ခံ ကိုချမ်းသာဇော်က ပြောပါတယ်။

တစ်နှစ်ပတ်လုးံမှာ ခရီးသွားလာမှုများပြားတဲ့ အလောင်းတော်ကသပခရီးစဉ်၊ ရွှေစက်တော်ဘုရားဖူးခရီးစဉ်၊ တောင်ကြီးမီးပုံးပျံပွဲခရီးစဉ်၊ ပန်းပွဲတော်တွေမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေအနေနဲ့ ကားလက်မှတ်ရောင်းချရမှု များပြားနေပြီး ရက်တိုခရီးစဉ်အဖြစ် ကျိုက်ထီးရိုး ခရီးစဉ် ချောင်းသာ၊ ငွေဆောင်ခရီးစဉ်တွေကိုတော့ ခရီးသွားတွေ ပုံမှန်သွားလာမှုတွေရှိတယ်လို့ သိရပါတယ်။

 

 

Related News