မြန်မာ- တရုတ်နယ်စပ်ကို ပြည်တွင်းကစပါး တွေနည်းလမ်းမျိုးစုံနဲ့ တရားမ၀င်တင်ပို့နေတာကြောင့် ပြည်တွင်းက ဆန်လုပ်ငန်းတွေမှာ အခက်ကြုံလာနိုင်တဲ့အတွက် တားဆီပေးဖို့ မန္တလေးဆန်စပါးကုန်စည်ဒိုင်အသင်းက မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှတဆင့် သက်ဆိုင်ရာဌာနတွေကို တင်ပြတောင်းဆိုထားတယ်လို့ မန္တလေးဆန်စပါး ကုန်စည်ဒိုင်အသင်း တာဝန်ရှိသူထံက သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးကိုဖြတ်ကျော်ပြီး တရုတ် - မြန်မာနယ်စပ် မူဆယ်/နမ့်ခမ်းကို စပါးတွေနည်းလမ်းမျိုးစုံနဲ့ တရားမ၀င် တင်ပို့နေတာဟာ ယခုနှစ်ပိုင်းအတွင်း ပိုမိုသိသာများပြားလာတယ်လို့ဆိုပါတယ်။ လက်ရှိပြည်တွင်း ပြည်ပကကုန်သည် ပွဲစားတွေက တိုင်းဒေသကြီး အသီးသီးကထွက်ရှိတဲ့ စပါးတွေကို ဈေးအမြင့်ပေးပြီး လိုအပ်ရင်လိုအပ်သလိုကွင်းဆင်း ဝယ်ယူနေကြတယ်လို့ သိရပါတယ်။

ဒီလိုသာ စပါးတွေက ပြည်ပကို တရားမဝင်ထွက်ရှိနေမယ်ဆို ရင်ပြည်တွင်းက ဆန်လုပ်ငန်းတွေနဲ့ ဆက်စပ်ကဏ္ဍတွေအားလုံး အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်စပါးကို နည်းလမ်းမျိုးစုံနဲ့ တင်ပို့နေတာကို တားဆီးပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာအသီးသီးကို တင်ပြတောင်းဆို ထားတယ်လို့ မန္တလေးဆန်စပါးကုန်စည်ဒိုင်အသင်းဥက္ကဋ္ဌက ပြောပါတယ်။

လက်ရှိ တရုတ်ပြည်ဘက်မှာ ပြည်တွင်းက ဆန်ထက် စပါးကိုသာ ဈေးပိုပေးဝယ်ယူကာ ကိုယ်တိုင် ကြိတ်ခွဲသုံးစွဲ လာကြတယ်လို့ သိရပါတယ်။ အဲ့ဒီလိုသာဆိုရင် ပြည်တွင်းကဆန်စက်တွေမလည်ပတ်နိုင်တော့တာ၊ ဆန်ကွဲ၊ ဖွဲနုနဲ့တိရစ္ဆာန်အစာ ရှားပါးတာ၊ အလုပ်အကိုင်တွေ ထိခိုက်တာ၊ ဆန်လုပ်ငန်းလုပ်ကိုင်သူတွေ အခက်အခဲတွေကြုံတွေ့ကာ စပါးဈေး၊ ဆန်ဈေးကြီးမြင့်လာတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ပြောပါတယ်။

မကြာမီအချိန်မှာမန္တလေးတိုင်းဒေသကြီးအတွင်း ဆန်စပါးများလှိုင်လှိုင်ပေါ်တော့မှာဖြစ်တဲ့အတွက် စပါးမတင်ပို့ကြဖို့ မန္တလေးဆန်စပါး ကုန်စည်ဒိုင်က အသင်းသားတွေကို အသိပေး မေတ္တာရပ်ခံထားတယ်လို့လည်း သိရပါတယ်။

 

 

Related News