ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ဦးပိန်တံတားကို ထိန်းသိမ်းဖို့အတွက် အဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ အောက်တိုဘာလ (၉)ရက်က မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မှာပြုလုပ်တဲ့ ဦးပိန်တံတားနဲ့ ပတ်သက်တဲ့အစီရင်ခံစာ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားမှာ  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ်။  မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များစွာရှိနေပြီး  ဦးပိန်တံတားကတော့   ကျွန်းနဲ့တည်ဆောက်ထားတဲ့ ရှေးဟောင်းတံတားတစ်စင်း ဖြစ်ပါတယ်။

မန္တလေးရဲ့ပြယုဂ် တစ်ခုအဖြစ်ရှိနေပြီး တံတားကြီးရေရှည်တည်တံ့ဖို့ ထိန်းသိမ်းရမယ့် နည်းလမ်းတွေလည်း လိုအပ်နေတယ်လို့ သိပါတယ်။ ဒေသခံတွေ အနေနဲ့လည်း ဦးပိန်တံတားကို ထိန်းသိမ်းဖို့နည်းလမ်းတွေ  သိရှိမှု အားနည်းခဲ့ကြတယ်လို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအစိုးရက  ဦးပိန်တံတားကို ထိန်းသိမ်းဖို့အတွက် လက်ရှိ အဖွဲ့တွေကို  ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။တိုင်းဒေသကြီးအစိုးရရဲ့ အကူညီတောင်းခံမှုအရ ဦးပိန်တံတားကို ရှေးမူမပျက် ရေရှည်တည်တံရေးအတွက်  သိပ္ပံနည်းကျ ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ၏ လေ့လာချက် အစီရင်ခံစာကို နည်းပညာတက္ကသိုလ်(မန္တလေး)ဗိသုကာဌာနနဲ့ ဂျာမဏီနိုင်ငံမှ သစ်သားထိန်းသိမ်းရေးဆိုင်ရာပညာရှင်တွေ ပူးပေါင်းလေ့လာဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလေ့လာမှုကို၂၀၁၅အောက်တိုဘာလကစတင်ခဲ့ပြီး လေ့လာမှုတွေအတွက် ဂျာမဏီနိုင်ငံအစိုးရက ကူညီထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ ဦးပိန်တံတားဟာ ကမ္ဘာမှာအရှည်ဆုံးကျွန်းသစ်သားတံတားအဖြစ် နာမည်ကြီးပြီး (၁.၂)ကီလိုမီတာရှည်လျားကာ လက်ရှိ  ကျွန်းသစ်တိုင်ပေါင်း(၈၀၀)ကျော်ကျန်ရှိနေတယ်လို့ သိရပါတယ်။ အစီရင်ခံစာမှာ ဦးပိန်တံတားရဲ့ လက်ရှိအခြေအနေတွေ၊ လေ့လာမှုရလဒ်တွေ၊ ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ ကာကွယ်ရမယ့် လုပ်ငန်းစဉ်အကြုံပြုချက်တွေကို တင်ပြထားတယ်လို့ နည်းပညာတက္ကသိုလ်(မန္တလေး)၊ ဗိသုကာဌာနက  ဒေါက်တာဇာခြည်မင်းကပြောပါတယ်။

ဦးပိန်တံတားလေ့လာမှုရလဒ်အစီရင်ခံစာ လွှဲပြောင်းပေးအပ်ပွဲကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ  ဂျာမဏီနိုင်ငံသံအမတ်ကြီးနဲ့တာဝန်ရှိသူတွေ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နဲ့ကော်မတီဝင်တွေ နဲ့ နည်းပညာတက္ကသိုလ် (မန္တလေး)က ကျောင်းသားကျောင်းသူတွေ တက်ရောက်ကြပါတယ်။

 

 

Related News