ပြည်တွင်းကစပါးတွေကို တရားမ၀င်ပြည်ပတင်ပို့မှုတွေရှိနေပြီး ရရှိထားတဲ့အချက်အလက်တွေအရ တိုင်းဒေသကြီး တစ်ခုတည်းက တင်းပေါင်းသောင်းဂဏန်း ရှိနေတယ်လို့ မြန်မာနိုင်ငံဆန်စက်လုပ်ငန်း ရှင်များအသင်းထံကသိရပါတယ်။ ပြည်တွင်းမှာ စပါးကို တရားဝင်သယ်ဆောင်ခွင့်ပေးထားပေမယ့် ပြည်ပတင်ပို့ခွင့်ကိုတော့တားမြစ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်းစပါးတွေကို ဈေးကောင်းပေးဝယ်ကာ နယ်စပ်တရားမ၀င်လမ်းကြောင်းတွေကနေ တရုတ်ကို နေ့စဉ်တင်ပို့နေတာတွေရှိနေပြီး ဒါကိုထိန်းချုပ်ဖို့လိုတယ်လို့ ဆန်စက်လုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်ကပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးက မြို့နယ်တစ်ခုတည်းကတင် နေ့စဉ်တွဲကားတွေနဲ့ တင်ပို့နေတာကို သိရှိထားရတယ်လို့ ပြောပါတယ်။ ဒါကို အစိုးရတာဝန်ရှိသူတွေထံ တင်ပြထားပြီး သက်ဆိုင်ရာဝန်ကြီးဌာနဘက်ကလည်း အခုရက်ပိုင်းမှာ စတင်စစ်ဆေး နေပြီဖြစ်ကာ မူဆယ်အပါအ၀င် ဆန်ကုန်စည်ဒိုင်တွေကလည်း စပါးတင်ပို့မှုကို စတင် ကြပ်မတ်နေပြီလို့ အသီးသီးထုတ်ပြန်ထားပါတယ်။ မူဝါဒထုတ်ပြန်ပြီး တရားဝင်တင်ပို့ခွင့်ပြုပါက လက်ခံရမှာဖြစ်ပေမယ့် ခွင့်မပြုပါကလည်း တရားမ၀င်ထွက်နေတာတွေကို ထိရောက်စွာကြပ်မတ်ပေးဖို့ ဦးနေလင်းဇင်က ပြောပါတယ်။

လက်ရှိမြန်မာ့ဆန်တွေဟာ တရုတ်ကို အများဆုံးတင်ပို့နေရတာဖြစ်ပေမယ့် တရုတ်ဝယ်လက်တွေကတော့ အခုအခါ ဆန်အပြင်စပါးကိုပါ ဈေးကောင်း ပေးဝယ်နေတာဖြစ်ပါတယ်။ တရုတ်ကုန်သည်တစ်ချို့က ယခင်နှစ်တွေကလည်း အခုလိုစပါးဆင်းဝယ်တာတွေရှိနေပေမယ့် အခုအခါ ပဲခူး၊ဧရာဝတီတိုင်းဒေသကြီးတွေအထိပါ ရောက်ရှိလာတယ်လို့ ဆန်စက်လုပ်ငန်းရှင်တွေကပြောပါတယ်။ စပါးအစို တင်းတစ်ရာကို ၆သိန်းခွဲဈေးလောက် အထိပေးဝယ်ကာ အခြောက် ခံတာတွေပြုလုပ်ပြီးပါက တစ်ဖက်နိုင်ငံအရောက် ဆယ်သိန်းကျော်အထိ ပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။

တရားမ၀င် ပြည်ပထွက်ရှိမှုတွေဟာ အခွန်မရရှိသလို ရေရှည်မှာ ပြည်တွင်းစားသုံးမှု၊ ပြည်ပတင်ပို့မှုနဲ့ အစာဈေးကို ထိခိုက်နိုင်တယ်လို့ လုပ်ငန်းရှင်တွေက ထောက်ပြပါတယ်။မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန်(၁၄)သန်းခွဲထုတ်လုပ်နိုင်ခဲ့ပါတယ်။ ပြည်တွင်းစားသုံးမှုက တန်ချိန် ၈သန်းခွဲရှိခဲ့ကာ တန်ချိန်(၂)သန်းက အစာကုန်ကြမ်းအဖြစ် ပြန်လည်အသုံးပြုခဲ့ရတာကြောင့် ပြည်တွင်းအသုံးပြု မှုက ပြီးခဲ့တဲ့နှစ်မှာ ဆန်တန်ချိန် (၁၀)သန်းခွဲရှိပြီး ပြည်ပကို တန်ချိန်(၃.၆)သန်း တင်ပို့နိုင်ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာရေးနှစ် အပြောင်းအလဲ (၆)လတာမှာတော့ ဆန်တန်ချိန်(၁)သန်းဝန်းကျင်သာတင်ပို့ထားနိုင်တယ်လို့ သိရပါတယ်။

 

 

Related News