တက္ကသိုလ်ကျောင်းသားတွေ ပါဝင်ဆွေးနွေးမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့အသွင်တူ ညီလာခံတစ်ခုကို ပြုလုပ်ဖို့ စီစဉ်နေတယ်သိရပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (အသွင်တူဆောင် ရွက်ခြင်း)လို့အမည်ပေးထားပြီးလာမယ့် နိုဝင်ဘာလအတွင်းပြုလုပ်မှာဖြစ်တယ်လို့  ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမမှာ အောက်တိုဘာ(၈)ရက်က ပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲကနေ သိရပါတယ်။

ဒီအသွင်တူ ညီလာခံဆောင်ရွက်နိုင်ဖို့ အစိုးရထံတင်ပြမှာဖြစ်ပြီးရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ခန်းမကို အသုံးပြုခွင့်ရဖို့မျှော်မှန်းထားတယ်လို့ ဖြစ်မြောက်ရေး ကော်မတီဝင်တွေကပြောပါတယ်။ဒီအစီအစဉ်ကို နိုဝင်ဘာ(၁၉)ရက်ကနေ(၂၄)ရက်အထိ(၆)ရက်ကြာပြုလုပ်မှာဖြစ်ပြီး ညီလာခံကို နှစ်ရက်ကျင်းပပြီး ကျန်ရက်တွေမှာတော့ သင်တန်းပို့ချတာတွေ၊ ဆွေးနွေးပွဲအကြောင်းရှင်းပြတာတွေနဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်သူတစ်ချို့ကလည်း လာရောက်ဆွေးနွေးမှာဖြစ်ပါတယ်။

အခုအသွင်တူညီလာခံကိုတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာပါဝင်တဲ့အစုအဖွဲ့အတိုင်းခွဲပြီး ဆွေးနွေးမှာဖြစ်ကာ နိုင်ငံရေးကဏ္ဍကို အဓိကဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျောင်းသားကျောင်းသူ (၈၀)ဦးက ပါဝင်ဆွေးနွေးခွင့်ရမှာဖြစ်ပြီး လက်ရှိ တက္ကသိုလ် တစ်ခုခုမှာ ပညာသင်ကြားနေတဲ့အသက်(၁၇)နှစ်ကနေ (၂၄)နှစ်အတွင်း ကျောင်းသား ကျောင်းသူ တွေပါဝင်လျှောက်ထား နိုင်တယ်လို့သိရပါတယ်။

ညီလာခံမှာ ပါဝင်ချင်တဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Model UPC Myanmar ၀က်ဆိုဒ်က တဆင့် အချက်အလက်တွေ ဖြည့်ပြီး နိုဝင်ဘာလ(၂)ရက်နောက်ဆုံးထားလျှောက်ထားနိုင်မှာဖြစ်ပါတယ်။အခုတက္ကသိုလ်ကျောင်းသားလူငယ်တွေရဲ့ ညီလာခံမှာတော့ မိန်းကလေးတွေနဲ့တိုင်းရင်းသားတွေကို ပိုမို ကိုယ်စားပြု ခေါ်ယူမှာ ဖြစ်ပြီး ပြည်သူ့လွှတ်တော်ရဲ့ ပါဝင်မှုအချိုးအစားပေါ်မူတည်တွက်ချက်ကာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုကို ကျောင်းသားကျောင်းသူ (၃)ဦးကနေ (၁၃)ဦး ကြားခေါ်ယူမယ်လို့သိရပါတယ်။

အသွင်တူ ညီလာခံကို Plan International နဲ့မြန်မာ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ အင်စတီကျူ(MIPS )တို့က ပံ့ပိုးကူညီပြီး ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ တောင်ကြီး တက္ကသိုလ်၊တောင်ငူတက္ကသိုလ်နဲ့ ရန်ကုန်အဝေးသင်တက္ကသိုလ်က ကျောင်းသားကျောင်းသူ တစ်ချို့က ဦးဆောင်ပြုလုပ်မှာဖြစ်ပါတယ်။ 

 

 

Related News