မန္တလေးတိုင်း အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်တွေက အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာဆရာမတွေအတွက် ဆိုင်ကယ်စီးဦးထုပ်(၃၀၀၀)ပေးအပ်ပွဲကို အောက်တိုဘာလ(၆)ရက်က အောင်မြေသာစံ မြို့နယ် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှာ ပြုလုပ်ခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ AIP Foundation ရဲ့ Road Safety Program in Mandalay, Myanmar က အခြေခံပညာကျောင်း(၄)ကျောင်းကို  အခုလို ဆိုင်ကယ်စီးဦးထုပ်တွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆိုင်ကယ်မောင်းနှင်သူတွေဟာ ဆိုင်ကယ်စီးဦးထုပ် ဆောင်းကြသော်လည်း လိုက်ပါစီးနင်းသူတွေနဲ့ ကလေးသူငယ်တွေ ကတော့  ဦးထုပ်ဆောင်းတာ နည်းတယ်လို့ ဆိုပါတယ်။

ကလေးသူငယ်တွေ အနေနဲ့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းတဲ့ အလေ့အကျင့်ကောင်းတွေ ရရှိစေဖို့၊ ယာဉ်မတော်တဆမှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှုတွေနဲ့ သေဆုံးမှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ပေးအပ်တာလို့ AIP Foundation မှ တာဝန်ရှိသူက ပြောပါတယ်။ ပြည်သူလူထုကြား ယာဉ်မတော်တဆဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အသိပညာပေးမြှင့်တင် လုပ်ဆောင်မှုနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်မှုတို့ ပေါင်းစပ်ပြီး လိုအပ်မှုအများဆုံးဖြစ်တဲ့ ကလေးသူငယ်တွေကို ဆိုင်ကယ်စီးဦးထုပ်တွေ ပေးအပ်ရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

ဒီပွဲမှာ ကျောင်းသားကျောင်းသူတွေအတွက် ဆိုင်ကယ်စီးဦးထုပ် အသုံးပြုပုံ၊ လမ်းအချက်ပြ သင်္ကေတတွေရဲ့ အဓိပ္ပါယ်ဖော်ပြချက်တွေ၊ ဘေးအန္တရာယ် ကင်းရှင်းစွာ လမ်းဖြတ်ကူးရေးအတွက် လိုက်နာရမဲ့ အချက်တွေ စတဲ့ ပညာပေးအစီအစဉ်တွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယာဉ်မတော်တဆမှု အဖြစ်များနိုင်ပြီး ဘေးအန္တရာယ်ရှိနိုင်တဲ့ အခြေခံပညာကျောင်း တွေကို ရွေးချယ်ပြီး AIP Foundation က ဆိုင်ကယ်စီးဦးထုပ်တွေကို  ဆက်လက်ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News