အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားမှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုး ဒေါ်လာ (၆၆.၃)သန်းကျော်ဖိုး မီးရှို့ဖျက်ဆီးမှာ ဖြစ်တယ်လို့ ဇွန်(၂၂)ရက်က ပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။ ထက်ဇာခြည်လှိုင်က တင်ဆက်ပေးပါမယ်။ 

 (၂၀၁၈)ခုနှစ် ဇွန်လ(၂၆)ရက်မှာကျရောက်မယ့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနဲ့ တောင်ကြီးမြို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်၊ အဝေးပြေးကုန်တင်ယာဉ်ရပ်နားကွင်းမှာတော့ တနသာင်္ရီတိုင်း၊မွန်ပြည်နယ်၊ ကရင်ြပည်နယ်၊ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းအပါအ၀င် နယ်ခြားစောင့်တပ် နဲ့ အမြန်လမ်းမကြီးတွေမှာ ဖမ်းဆီးပြီးသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို   မီးရှို့ဖျက်ဆီးသွားမယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကထက် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအရေအတွက် လျော့နည်းလာပေမဲ့ အမှုပေါင်းကတော့ ယခုနှစ်မှာ ပိုမိုများပြားတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း မူးယစ်ဆေးဝါးအန္တရာယ်ဟာ လူမှုရေး၊စီးပွါးရေးသာမက ကျန်းမာရေးအရပါထိခိုက်စေတာကြောင့် လူငယ်ထုအတွင်းမှာ သိရှိစေဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ NGO အဖွဲ့အစည်းများ၊ မူးယစ်ဆေးဝါးကိုဆန့်ကျင်တဲ့အသင်းအဖွဲ့တွေနဲ့ အခြားမိတ်ဆက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းတွေ၊ရပ်ကွက်တွေနဲ့ နယ်တွေမှာပါ အသိပညာပေးဟောပြောပွဲတွေပြုလုပ်ပေးလျှက်ရှိတယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်(၂)ရက်နဲ့ (၃)ရက်က အ.ထ.က(၂)လသာနဲ့ သတင်းနှင့်အချက်အလက်နည်းပညာတက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေရဲ့ မူးယစ်ဆေးဝါးသုံးစွဲပါက အန္တရာယ်ရှိ နိုင်တာတွေကို သရုပ်ဖော်ရေးဆွဲထားတဲ့ ပန်းချီ၊ ကာတွန်း ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့သူတွေကို ဇွန်လ(၂၆)ရက်နေ့မှာ ရန်ကုန်မြို့က မူးယစ်ဆေးဝါးပြတိုက်မှာ  ဆုချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News