ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဆူးလေ၊ ဘူတာကြီးအထိ ပြေးဆွဲမည့် YBS Airport Shuttle ယာဉ်လိုင်းအသစ် ဒီကနေ့ ဇွန်လ(၂၂)ရက်နေ့မှာ တရားဝင် စတင်ပြေးဆွဲနေပြီဖြစ်ပါတယ်။ YBS Airport Shuttle ကို ယာဉ်စီးရေ(၅၀)ဖြင့် ပြေးဆွဲပေးသွာမှာဖြစ်ပြီး ပထမရက်မှာတော့ ယာဉ်စီးရေ(၃၀)နဲ့ အခမဲ့ပြေးဆွဲပေးတာဖြစ်ပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ (၈)မိုင်၊ န၀ဒေး၊ကမ္ဘာအေးဘုရား၊လမ်းနီ၊ ဟန်မစ်တစ်၊ ရွှေဂုံတိုင်၊ ဗဟန်း(၃)လမ်း၊ ကျောက်တိုင်၊ ယောက်လမ်း၊ ဆူးလေ မှတ်တိုင်တွေကို ရပ်တန့်ပေးမှာဖြစ်ပြီး  ယာဉ်စီးခ(၅၀၀)ကျပ်နဲ့ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

ဒီယာဉ်လိုင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လေဆိပ်မှာရှိတဲ့ ခရီးသွားပြည်သူတွေနဲ့ ရန်ကုန်ဘူတာကြီးမှာရှိတဲ့ ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့ Omni Focus ကုမ္ပဏီမှပြေးဆွဲပေးတာဖြစ်ပါတယ်။ 

ယာဉ်လိုင်းစထွက်ချိန်တွေကတော့ မနက်(၅)နာရီမှ ည(၁၀)နာရီအထိ ပြေးဆွဲပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ(၂၄)နာရီလုံး ပြေးဆွဲနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။

YBS Airport Shuttle စတင်ပြေးဆွဲပေးတဲ့ ပထမရက်မှာတော့ ခရီးသည်တွေ အများစုကမသိရှိသေးတာကြောင့် လိုက်ပါစီးနင်းမှုနည်းပါးနေသေးတာကိုတော့တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အလုပ်လုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေ၊ လမ်းကြောင်းတစ်လျောက်က ခရီးသည်တွေအနေနဲ့လည်း အငှားယာဉ်စီးနင်းဖို့မလိုပဲ  အသွားအလာများပြားတဲ့ နေရာ နှင့် လမ်းမကြီးတွေကို အခုပြေးဆွဲတဲ့ ဘတ်(စ်)ကားစီးပြီး ရောက်ရှိမှာဖြစ်တာကြောင့် အဆင်ပြေသွားမယ်လို့ ခရီးသည်အချို့ကပြောပါတယ်။

YBS Airport Shuttle ယာဉ်လိုင်းဂိတ်တွေမှာလည်း တစ်စီးနဲ့တစ်စီး ရောက်ရှိတဲ့နေရာတွေကို သိရှိနိုင်ဖို့ ၀န်ထမ်းတွေလည်းထားရှိပေးထားတယ်လို့သိရပါတယ်။  Omni Focus Co.,Ltdအနေနဲ့ လက်ရှိမှာ YBS(20) (56) (83) နဲ့ YBS Airport Shuttle ဆိုပြီး ယာဉ်လိုင်း(၄)လိုင်းနဲ့ပြေးဆွဲပေးနေပြီး နောက်ပိုင်းမှာလည်း ယာဉ်လိုင်း(၄)လိုင်းကို ထပ်မံတိုးချဲ့ပြေးသွားဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

 

 

Related News