ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ ဆိုင်ကယ်တွေဟာ အများပြည်သူရဲ့ လိုအပ်ချက်အရ ဖြစ်ပေါ်လာတာဖြစ်လို့ မတားဆီးဘဲစနစ်တကျနဲ့ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောပါတယ်။ဆိုင်ကယ်တွေကို မော်တော်ဆိုင်ကယ် ရပ်နားစခန်းတွေတိုးချဲ့ပြီး  ကြီးကြပ်ဆောင်ရွက်ဖို့ ကြီးကြပ်ရေးအဖွဲ့တွေစနစ်တကျဖွဲ့စည်းမှု၊ နာမည်၊နံပါတ်နဲ့ဝတ်စကုတ်ယူနီဖောင်းတွေတပ်ဆင်ပေးဖို့ ရည်ရွယ်ထားပြီး ဒီလိုလုပ်ဆောင်မယ်ဆိုရင် ဒုစရိုက်မှုခင်းတွေလဲလျော့ကျနိုင်တယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောပါတယ်။

ဆိုင်ကယ်တွေဟာ အများပြည်သူရဲ့ လိုအပ်ချက်အရ ဖြစ်ပေါ်လာတာဖြစ်လို့ မတားဆီးဘဲ စနစ်တကျနဲ့ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးဖို့လိုအပ်ပြီး ဒါကိုရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ်တိုင်းအတွက်လုပ်ဆောင်ဖို့ အစီအစဉ်ရှိတယ်လို့ ဇွန်လ(၂၀)ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး(၄၈)ရက်မြောက်နေ့မှာ မြို့တော်ဝန်ကပြောကြားခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်ကိစ္စဟာ တော်တော်အရေးကြီးပြီး  ထိန်းသိမ်းလို့မနိုင်ရင် အားနည်းချက်ဖြစ်သလို ထိန်းနိုင်ရင်အားသာချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စည်ပင်သာယာနယ်နိမိတ်ပြင်ပ မြို့နယ်တွေမှာ ဆိုင်ကယ်ကယ်ရီတွေကို ဥပဒေနဲ့အညီ ရပ်နားစခန်းတွေ သတ်မှတ်ပြီး ကြီးကြပ်ဆောင်ရွက်ပေးဖို့ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက မေးခွန်းမေးမြန်းခဲ့တာပါ။ ဒီအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ သက်ဆိုင်ရာစည်ပင် သာယာရေးအဖွဲ့တွေကို အမိန့်ညွှန်ကြားချက် ထုတ်ပြန်ဆောင်ရွက်ပေးဖို့ ရှိမရှိကိုမေးမြန်းခဲ့ပါတယ်။မော်တော်ဆိုင်ကယ် ရပ်နားစခန်းနေရာတွေ ထပ်မံတိုးချဲသွားဖို့လည်းရှိတယ်လို့သိရပါတယ်။

ဆိုင်ကယ်၊ ကယ်ရီဆိုင်ကယ်တွေကို လိုင်စင်နဲ့ယာဉ်မောင်းလိုင်စင်ရှိမရှိကို ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေပူးပေါင်းပြီး ကြီးကြပ်ဆောင်ရွက်ဖို့အစီစဉ်ရှိပြီး လုပ်လည်းလုပ်နေတယ်လို့ မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သန်လျင်မြို့မဈေးအနီး မော်တော်ဆိုင်ကယ်ရပ်နားစခန်း နေရာ(၂)ခုသတ်မှတ်ပေးထားပြီး အခွင့်အရေးလုပ်ငန်းလိုင်စင်အဖြစ် လေလံတင်ရောင်းချခဲ့ရာမှာ  ကျပ်သိန်း(၃၀၀)ခန့် ရရှိခဲ့တယ်လို့လည်းသိရပါတယ်။

 

 

Related News