ရန်ကုန်ကဘတ်စ်ကားတွေမှာသုံးမယ့် ကဒ်နဲ့ယာဉ်စီးခပေးချေတဲ့စနစ်ကို သုံးလအကြာမှာ မိတ်ဆက်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောပါတယ်။YPS လို့ခေါ်တဲ့ ဒီစနစ်အတွက် ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလမှာ တင်ဒါခေါ်ယူခဲ့တာဖြစ်ပြီး လာလျှောက်တဲ့ ကုမ္ပဏီနှစ်ဆယ်ကျော်ရှိခဲ့ပါတယ်။ ၂၀၁၈ ဇန်န၀ါရီလ(၁၀)ရက်မှာတော့ တိုင်းတင်ဒါကော်မတီအနေနဲ့ ဒီထဲကExcel KC Myanmarကုမ္ပဏီကို လုပ်ကိုင်ခွင့်ရ ကုမ္ပဏီအဖြစ်ရွေးချယ်ခဲ့ပြီး  လေးလအကြာ ပြီးခဲ့တဲ့ ဧပြီလ(၂၁)ရက်မှာ ပြန်လည်ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျန်တဲ့ဇကာတင် ကုမ္ပဏီနှစ်ခုထဲက Asia Starmar Transport Intelligent ကုမ္ပဏီကို လုပ်ကိုင်ခွင့်ရကုမ္ပဏီအဖြစ် ထပ်မံရွေးချယ်ခဲ့ပြီး သုံးလအတွင်းစတင်နိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ မေလ(၂၁)ရက်ကတော့ ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ တွေ့ဆုံခဲ့ပါတယ်။ကဒ်စနစ်မှာတော့ ခရီးအကွာအဝေးမိုင်အလိုက် ယာဉ်စီးခကျခံစေတဲ့ပုံစံမျိုးဖြစ်ပြီး လက်ရှိနှုန်းထားထက် ပိုမကုန်ကျဘူးလို့လည်း တာဝန်ရှိသူတွေဘက်က တင်ဒါလုပ်ငန်းစဉ်ရှင်းစဉ်က ပြောခဲ့ပါတယ်။ ခရီးအကွာအဝေးအလိုက် ကုန်ကျစရိတ်တွေကိုလည်း စာရင်းကောက်ယူထားတာတွေ ရှိတယ်လို့ သိရပါတယ်။ဒီကဒ်စနစ်မှာတော့ အခြားဘဏ်ကဒ်တွေ၊ Master၊ Visa ကဒ်တွေနဲ့ပါ စီးနိုင်တဲ့အထိ လုပ်ဆောင်မယ်လို့ သိရပါတယ်။

အခြားကဒ်တွေကတော့ ယာဉ်စီးခအပြင် ၀န်ဆောင်ခထပ်ပေးရတာမျိုး ရှိမယ်လို့ ၀န်ကြီးချုပ်ကပြောပါတယ်။လက်ရှိ YBS စနစ်အောက်မှာယာဉ်လိုင်းပေါင်း ၁၀၀ ကျော် ယာဉ်အစီးရေ ၄၀၀၀ကျော်အထိ ရှိနေပြီး ၂၀၁၇နှစ်ကုန်ပိုင်းကကောက်ယူထားတဲ့ တိုင်းအစိုးရရဲ့စစ်တမ်းအရ ရန်ကုန်မြို့မှာတော့ ဘတ်စ်ကားစီးခရီးသည်တွေရဲ့ တစ်ရက်စီးနင်းမှုခရီးစဉ် ၁သန်းခွဲနီးပါးရှိနေတယ်လို့ သိရပါတယ်။YBS ယာဉ်တစ်စီးဟာ တစ်ရက်ကို ငွေကျပ်ရှစ်သောင်းနဲ့ တစ်သိန်းခွဲကြား ၀င်ငွေရရှိနေတယ်လို့ သိရပါတယ်။ 

 

 

Related News