မြောင်းမြကြိုးတံတား ပြတ်ကျမှုဖြစ်ပွားပြီးနောက် တစ်နိုင်ငံလုံးမှာရှိတဲ့ တည်ဆောက်ပြီးစီးခဲ့တဲ့ ကြိုးတံတားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေတွေကို စစ်ဆေးနေပြီး တွေ့ရှိချက် အဖြေတွေကို ဇူလိုင်လအတွင်း သိရှိမှာဖြစ်လို့   စစ်ဆေးမှုရလဒ်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးဌာ ဒုတိယ၀န်ကြီး ဦးကျော်လင်းကပြောပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ တည်ဆောက်ပြီးစီးခဲ့တဲ့ကြိုးတံတားအရေအတွက်၂၉စင်းရှိတယ်လို့ သိရပါ တယ်။ အဲဒီတည်ဆောက်ပြီးစီးခဲ့တဲ့ ကြိုးတံတားတွေရဲ့ကြံ့ခိုင်မှုအခြေအနေတွေကို တိုင်းတာ စစ်ဆေး ဖို့ရာအတွက် တရုတ်နိုင်ငံကပညာရှင်၂၂ဦး၊ ဂျပန်နိုင်ငံ JICAမှ ပညာရှင်တွေ၊ ကိုရီးယားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ဆေးမှုတွေဆောင်ရွက်နေတာပါ။ အဲဒီစစ်ဆေးမှုတွေရဲ့ နောက်ဆုံး တွေ့ရှိချက်ကို လာမည့်ဇူလိုင်လ၃၁ရက်နေ့မှာ ပေးပို့မှာဖြစ်ပြီး ရလဒ်ကို ထုတ်ပြန်ပေးသွားမယ် လို့ ဦးကျော်လင်းကပြောပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ တည်ဆောက်ပြီးစီးခဲ့တဲ့ ကြိုးတံတားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေတွေကို တိုင်းတာစစ်ဆေးနေတာနဲ့ ပတ်သက်ပြီး မေလ၁၅ရက်က နေပြည်တော်မှာရှိတဲ့ ပြန်ကြားရေး ၀န်ကြီးဌာနရုံးမှာပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယတစ်နှစ်တာကာလ အတွင်းဆောင်ရွက်ခဲ့မှု သတင်းစာရှင်းလင်းပွဲမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားခဲ့တာပါ။ လက်ရှိ တရုတ်နိုင်ငံကပညာရှင်တွေစစ်ဆေးထားမှုတွေအရ မကွေးတိုင်းဒေသကြီးမှာ ရှိတဲ့ မယ်ဇလီကြိုးတံတားနဲ့ ကရင်ပြည်နယ်ရှိ ဇာသပြင်တံတားတို့ကို အန္တရာယ်ရှိတံတားတွေအဖြစ် သတ်မှတ်ထားကာ အမြန်ဆုံး အစားထိုးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ၁ရက်နေ့က မြောင်းမြကြိုးတံတားပြတ်ကျမှုဖြစ်ပွားပြီးနောက် ကျန်ရှိနေတဲ့ ကြိုးတံတားတွေရဲ့ ကြံ့ခိုင်မှုတွေကို ပြန်လည်စစ်ဆေးဖို့ လုပ်ဆောင်ခဲ့တာပါ။ ဆောက်လုပ်ရေး ၀န်ကြီးဌာနအနေနဲ့ ကြိုးတံတားတွေနဲ့ ပတ်သက်ပြီး တစ်နှစ်လျှင်နှစ်ကြိမ်နှုန်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ 

 

 

Related News