ဒုတိယအကြိမ် ထိုင်းနိုင်ငံက မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ(၈)ဦးကို မေလ(၁၁)ရက်မှာ ရန်ကုန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် တာဝန်ရှိသူတွေက ရန်ကုန်တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှာ တွေ့ဆုံခဲ့ပါတယ်။

ထိုင်းနိုင်ငံကနေ နေရပ်ကိုပြန်ရောက်လာတဲ့ မိသားစု(၂)စုထဲကတစ်စုကတော့  ပြီးခဲ့တဲ့(၂၀၀၈) ခုနှစ်ထဲက ထိုင်းနိုင်ငံအထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အထည်ချုပ်စက်ရုံမှာ အလုပ်အကိုင်အဆင်ပြေပေမယ့် သားသမီးတွေအတွက် လုံခြုံမှုမရှိတာကြောင့် ဒုက္ခသည်စခန်းကို (၁၀)နှစ်ကြာ ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။

မိမိနေရပ်ကိုပြန်ဖို့အတွက် (၂၀၁၅)ခုနှစ် ကတည်းက လုပ်ဆောင်ခဲ့ပေမယ့် အခု(၂၀၁၈)ခုနှစ် မေလ(၈)ရက်နေ့မှသာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့လည်း ထိုင်းနိုင်ငံကနေ ပြန်လာတဲ့မိသားစု(၂)စုကို ဥပဒေနဲ့အညီ နိုင်ငံသားစီစစ်ရေးကဒ်ပြားမရှိသူတွေကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင်  အိမ်ထောင်စုစာရင်းကိုလည်း လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက စီးပွါးရေးအခြေအနေကြောင့် အလုပ်အကိုင်ရှာဖွေရင်း ထိုင်းနိုင်ငံကိုရောက်ရှိသွားပြီး အဆင်ပြေမှုမရှိလို့ ပြန်လည်ရောက်ရှိလာတဲ့ မိသားစု(၂)စုကို တိုင်းဒေသအစိုးရက နေထိုင်ရေးကိစ္စတွေကို စီစဉ်ပေးဖို့ညွှန်ကြားထားပြီးဖြစ်တယ်လို့  ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အနေနဲ့ နေရပ်ပြန်မိသားစုတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင် မြေကွက်တွေမှာ အိမ်ဆောက်ပေးဖို့ လုပ်ဆောင်ပေးမှာဖြစ်ပြီး အိမ်ဆောက်လုပ်လို့မပြီးခင်မှာ ယာယီနေထိုင်ဖို့ကိုလည်းစီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

ယခုအကြိမ် မိမိဆန္ဒအလျောက်နေရပ်ပြန်လာသူ (၇၃)ဦးထဲမှာ (၈)ဦးဟာ ရန်ကုန်တိုင်း ဒေသကြီးကဖြစ်ပြီး ကျန်တဲ့(၆၅)ဦးကတော့ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးမှာနေထိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးက နေရပ်ပြန်သူတွေကိုလည်း သက်ဆိုင်ရာဌာနအသီးသီးက နေရေးထိုင်ရေးတွေကိုလည်း စီစဉ်ထားရှိပေးသွားမယ်လို့ သိရပါတယ်။

 

 

 

Related News