နေပြည်တော်ကောင်စီနယ်မြေထဲမှာရှိတဲ့ လယ်ဝေးမြို့နယ်က ဖောင်တော်ချက်မဘုရားပွဲတော်ကို ကဆုန်ညောင်ရေသွန်းပွဲနဲ့ အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော် လယ်ဝေးမြို့မှာရှိတဲ့ဖောင်တော်ချက်မ ဘုရားပွဲတော်ကို ဧပြီလ၂၇ရက်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ကဆုန်လပြည့်နေ့ဖြစ်တဲ့ ဧပြီလ ၂၉ရက် မှာညောင်ရေသွန်းပွဲတော်နဲ့အတူ ကျင်းပခဲ့တာကြောင့် အစည်ကားဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့တာ    နှစ်ပေါင်း ၈၁နှစ်ရှိသွားပြီလို့ ဖောင်တော်ချက်မဘုရားဂေါပက အဖွဲ့ကသိရပါတယ်။ 
 
ဖောင်တော်ချက်မဘုရားပွဲတော်ဟာ မြန်မာပြည်အထက်ပိုင်းမှာ ရက်အကြာဆုံးကျင်းပတဲ့ ဘုရားပွဲတော်တစ်ခုဖြစ်ပြီး ရက်ပေါင်း ၂၂ရက်ကြာကျင်းပတဲ့ ပွဲတော်ဖြစ်တယ်လို့ သိရပါတယ်။ ပွဲတော်ကျင်းပတဲ့ ၂၂ရက်ကြာကာလအတွင်း အနယ်နယ်အရပ်ရပ်က အ၀တ်အထည်ရောင်းချသူတွေ၊ ပစ္စည်းအသုံးအဆောင်ရောင်းချသူတွေ၊ ကလေးကစားစရာ ရောင်းချသူတွေ၊ အစားအသောက် ရောင်းချသူတွေအပါအ၀င် ဆိုင်ခန်းပေါင်း၆၀၀ကျော်နဲ့ အစည်ကားဆုံး ဖြစ်အောင် ဆောင်ရွက်ထား တယ်လို့ သိရပါတယ်။ ဖောင်တော်ချက်မဘုရားကိုလွန်ခဲ့တဲ့ နှစ်ပေါင်း၉၀၀ကျော် ပုဂံခေတ်မှာ အလောင်းစည်သူမင်းက တည်ထား ကိုးကွယ်ခဲ့တာဖြစ်ပြီး ဥာဏ်တော်အမြင့်၁၀၈ပေရှိတယ်လို့သိရပါတယ်။ ဖောင်တော်ချက်မ ဘုရားမှာ ဘုရားပွဲတော်နဲ့အတူ ကဆုန်ညောင်ရေ သွန်းပွဲ ၊ ဇာတ်သဘင် ဖျော်ဖြေပွဲတွေ ပါဝင်ပြီး ဒေသခံပြည်သူများနှင့် အနီးအနားက ဘုရားဖူးပြည်သူတွေလည်း လာရောက်ကြတယ်လို့ သိရပါတယ်။
 
 
 

Related News