သံဃ စာပြန်ပွဲ၊ စာမေးပွဲတွေကျင်းပဖို့နှင့် သာသနာ့အခမ်းအနားတွေ ပြုလုပ်နိုင်ဖို့ နေရာ၊ အဆောက်အဦး လိုအပ်ချက်တွေရှိ နေတဲ့ရန်ကုန်မြောက်ပိုင်းခရိုင်အတွက် သာသာနာ့ ဗိမာန်တော်ကြီး တစ်ခုကိုတပ်မတောာ် (ကြည်း၊ ရေ၊ လေ)မိသားစုဝင်တွေနဲ့ အလှူရှင်တွေ စုပေါင်းပြီး လှူဒါန်းခဲ့ကြပါတယ်။အင်းစိန်မြို့နယ်မှာရှိတဲ့ လောကချမ်းသာ အဘယလာဘမုနိ ကျောက်တော်ကြီးဘုရား ပရ၀ုဏ်အတွင်း ဆောက်လုပ် လှူဒါန်းခဲ့တဲ့ သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်ကြီးဖွင့်ပွဲနဲ့ ရေစက်ချပွဲကို မတ်လ(၁၁)ရက်က ပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အခုဗိမာန်ဖွင့်ပွဲနဲ့ ရေစက်ချပွဲကို နိုင်ငံတော်သြ၀ါဒါစရိယ အင်းစိန်ရွာမဆရာတော်ကြီး ကြွရောက်ချီးမြှင့်ခဲ့ပြီး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ရန်ကုန်တိုင်းစစ် ဋ္ဌာနချုပ်တိုင်းမှူး၊ တပ်မတော်အရာရှိတွေနဲ့ မိသားစု ၀င်တွေ၊ အလှူရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ဒီဗိမာန်တော်ကြီးကိုတော့ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးက ဒီဇိုင်း ထုတ်ကြီးကြပ်မှုနဲ့ ထူးကုမ်္ပဏီက ပြီးခဲ့တဲ့နှစ် မတ်လမှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

အလျား(၁၆၈) ပေ၊ အနံ ၇၂ပေ ရှိပြီး သံကူကွန်ကရစ်နှစ်ထပ် ဗိမာန်တော်ကြီးဖြစ်ပါတယ်။ ဒီဗိမာန်တော်ကြီး မှာတော့ သံဃာအပါး(၅၀၀)တစ်ပြိုက်နက်တည်း စာပြန်ပွဲတွေ ပြုလုပ်နိုင်ပြီး သာသနာ့အခမ်းအနား တွေအတွက် လူဦးရေ (၁၅၀၀)ကျော် တက်ရောက်နိုင်တယ်လို့လည်း သိရပါတယ်။အင်းစိန်မြို့နယ်အပါအ၀င် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းက သံဃာတော်တွေအနေနဲ့ ဓမ္မာစရိယ၊ ပထမပြန် စာမေးပွဲတွေကို နေရာအခက်အခဲကြောင့် အခြေခံပညာစာသင်ကျောင်းတွေမှာ သွားရောက်ဖြေဆိုနေရပြီး အခုလိုဗိမာန်တော်ကြီးရှိလာတာဟာ သံဃာတွေအတွက် အများကြီး အထောက်အကူ ဖြစ်စေတယ်လို့ ရန်ကုန်တိုင်း သာသနာရေးဦးစီးမှူးက ပြောပါတယ်။

လာမယ့် မတ်လ(၂၁)ရက်နေ့ကနေ ဧပြီလအထိ သံဃစာပြန် ပွဲတွေကို ဒီဗိမ္မာန်မှာ ပြုလုပ်ဖို့ရှိတယ်လို့လည်းသိရပါတယ်။သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်ကြီးကိုတော့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုဝင်တွေနဲ့ အလှူရှင်တွေရဲ့ လှူဒါန်းငွေ ကျပ်သိန်းပေါင်း (၁၉၀၀၀)ကျော်နဲ့ ဆောက်လုပ် လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

 

 

Related News