မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ ရွှေစာရံဘုရားပွဲကို နှစ်စဉ်တပေါင်းလပြည့်မှ လပြည့်ကျော် ၉ ရက်ထိကျင်းပနေတာဖြစ်ပါတယ်။ ရွှေစာရံဘုရားပွဲတော်မှာ ဓလေ့တစ်ခုဖြစ်တဲ့ထန်းရွက်ထန်းဖူးနဲ့လုပ်တဲ့လက်မှုပစ္စည်းရောင်းချတဲ့ ဆိုင်တွေကိုနှစ်စဉ်မပြတ် ရောင်းချလျက်ရှိပါတယ်။ ဘုရားပွဲတော်မှာ ရောင်းချကြတဲ့ ထန်းရွက်၊ ထန်းဖူးလက်မှုပစ္စည်းတွေကို ကျောက်ဆည်ခရိုင်မှာရှိတဲ့ ညောင်ဝန်းကျေးရွာကပြုလုပ်ပြီး ရွှေစာရံ ဘုရားပွဲတော်တစ်ခုတည်းမှာသာ နှစ်စဉ်လာရောက်ရောင်းချကြတာ ဖြစ်တယ်လို့ သိရပါတယ်။သူတို့တွေဟာ ထန်းရွက်ထန်းဖူးလက်မှုပညာကို ဘိုးဘွားလက်ထက်ကတည်းက လက်ဆင့်ကမ်း ပြုလုပ်လာကြတာဖြစ်ပြီး ရွာမှာရှိသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်ကဒီအလုပ်ကို ကောင်းကောင်း လုပ်တတ်ကြတယ်လို့ပြောပါတယ်။

ထန်းရွက်ထန်းဖူးလက်မှုပစ္စည်းဆိုင်တွေဟာ နှစ်စဉ်ရွှေစာရံဘုရားပွဲတော်အချိန်မှာ ရောင်းချနိုင်ဖို့အတွက် ကုန်ကြမ်းစုဆောင်းတာ ပစ္စည်းပြုလုပ်တာတွေအတွက် ၄ လလောက် ကြိုတင်ပြင် ဆင်ကြရတယ်လို့ သိရပါတယ်။ ဘုရားပွဲတော်မှာမြင်တွေ့ရတဲ့ ထန်းရွက် ထန်းဖူးနဲ့ ပြုလုပ်တဲ့လက်မှု ပစ္စည်းတွေမှာ ငါးရုပ်အကြီး၊ ငါးရုပ်အသေး၊ ယပ်တောင်၊ တံခွန်လုံး၊ ထန်းရွက်ပုတီးစတဲ့လက်မှုပစ္စည်းတွေပါဝင်ပါတယ်။ နှစ်စဉ်ရွှေစာရံဘုရားပွဲမှာ ဒီထန်းရွက်နဲ့ ပြုလုပ်တဲ့ လက်မှုပစ္စည်းရောင်းချတဲ့သူတွေဟာ ငွေကျပ်သိန်း ၃၀ ကနေ သိန်း ၆၀ လောက်အထိ ရင်းနှီးရောင်းချကြတယ်လို့ သိရပါတယ်။ နှစ်စဉ်ရွှေစာရံဘုရားပွဲတော်ကို အနီးနားရွာတွေမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေကလည်း လာရောက်ရောင်းချကြပြီး ရှမ်းတိုင်းရင်းသားဆိုင်ခန်းတွေမှာဆိုရင်လည်း ဒေသထွက်ပစ္စည်းတွေနဲ့ ဆေးဖက်ဝင်သစ်ဥသစ်ဖုတွေကို ရောင်းချလေ့ရှိကြပါတယ်။

 

 

 

Related News