မြောက်ဒဂုံမြို့နယ်ဘုန်းတော်ကြီးကျောင်းပေါင်းစုံမှသံဃာတော်များ (၁၉)ကြိမ်မြောက် ၀ိနရာဓိကစာမေးပွဲကို ဖေဖော်ဝါရီလ (၁၃)ရက်က မဟာဂန္ဓာရုံကျောင်းတိုက်မှာ ဖြေဆိုခဲ့ပါတယ်။ 
ဝိနရာဓိကစာမေးပွဲဟာ သံဃာတော်တွေရဲ့ ၀ိနည်းပိတိကဋ်ရဲ့ အဓိကစည်းမျဉ်းဖြစ်ပါတယ်။ ယခုဖြေဆိုတဲ့  ၀ိနရာဓိက စာမေးပွဲဟာ သံဃာတော်တွေအတွက် နိုင်ငံတော်အစိုးရမှ နှစ်စဉ်မတ်လနဲ့ ဧပြီလတို့မှာ ကျင်းပတဲ့ ဓမ္မာစရိယစာမေးပွဲတွေရဲ့ အခြေခံဖြေဆိုမှု စာမေးပွဲဖြစ်ပါတယ်။ ၀ိနရာဓိက စာမေးပွဲမှာ မြောက်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ သံဃာတော် အပါး(၅၀၀)ကျော်မှ စာချတန်း၊ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း၊ မူလတန်းဆိုပြီး ခွဲခြားဖြေဆိုကြရတာ ဖြစ်ပါတယ်။
 
ဝိနရာဓိကစာမေးပွဲရဲ့ မေးခွန်းပုံစံကို နိုင်ငံတော်အစိုးရက ချမှတ်ထားတဲ့စည်းမျဉ်းနဲ့အညီ နိုင်ငံတော်အစိုးရကပြဌာန်းထားတဲ့ ကျမ်းစာအုပ်တွေအတိုင်း မေးခွန်းထုတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ စာမေးပွဲမှာ အမှတ်(၄၀)ကို အမှတ်ပြည့် သတ်မှတ်ထားပြီး အမှတ်(၂၀)ကိုတော့ အောင်မှတ်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
 
ဝိနရာဓိကစာမေးပွဲဖြေဆိုမှုရလဒ်တွေကိုတော့ စာမေးပွဲဖြေဆိုပြီး တစ်ပတ်ပြည့်တဲ့နေ့မှာ စာမေးပွဲအောင်စာရင်းကို ကျောင်းမှာလာရောက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ 
ဒီဝိနရာဓိကစာမေးပွဲကို (၂၀၀၀)ခုနှစ်မှစတင်ပြီး အောင်ဓမ္မရိပ်သာဆရာတော်ကြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်ကတည်းက အစဉ်လာမပျက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
 
 

Related News