ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်တွေကို ခေတ်မီလက်နက်တွေကျွမ်းကျင်စွာကိုင်တွယ်အသုံးပြု၊ ပစ်ခတ်ရေး ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သင်တန်းဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ခေတ်လွန်လက်နက်တွေကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ခေတ်မီလက်နက်တွေကို ပြန်လည်ဖြည့်တင်းတပ်ဆင်ပေးထားတယ်လို့လည်း သိရပါတယ်။ ဒီလက်နက်တွေကို ကျွမ်းကျင်စွာ 
ကိုင်တွယ်အသုံးပြုနိုင်ဖို့ခေတ်မီလက်နက်များ စနစ်တကျ ထားသိုထိန်းသိမ်းခြင်းနှင့် ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြု ပစ်ခတ်ရေး (ဆင့်ပွား)သင်တန်းပေး သွားမှာဖြစ်ပြီး သင်တန်းဖွင့်ပွဲကို 
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှာ ဖေဖော်ဝါရီ(၁၃)ရက်က ပြုလုပ်ခဲ့ပါတယ်။
 
ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ယခုပြောင်းလဲတပ်ဆင်ပေးလိုက်တဲ့  လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီး ထိတွေ့အသုံးပြုမှုနည်းပါးတဲ့အပြင်  အခြေခံသင်တန်းတွေမှာလည်း လက်တွေ့သင်ယူ ခဲ့ရခြင်းမရှိတာကြောင့်  လက်တွေ့ကိုင်တွယ်အသုံးပြုတဲ့အခါမှာ အခက်အခဲတွေ ကြုံတွေ့လာနိုင်တယ်လို့ လည်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ပြောပါတယ်။ခုဖွင့်လှစ်တဲ့ ပထမအကြိမ်ဆင့်ပွားသင်တန်းမှာ တပ်ဖွဲ့ဝင်(၁၅၀)ကို သင်ကြားပေးသွားမှာပါ။
 
ဒီသင်တန်းမှာ ခေတ်မီလက်နက်တွေဖြစ်တဲ့ BA64၊ BA72၊ BA94၊ MA13 ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ ဖြုတ်ခြင်း၊ တပ်ခြင်း၊ တိုက်ချွတ်ခြင်းနဲ့ စနစ်တကျထားသိုထိန်းသိမ်းနိုင်ဖို့ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အစီအစဉ်နဲ့ အမှတ်(၁)စစ် အခြေခံလေ့ကျင့်ရေးတပ်(မင်းကုန်း)မှာ ပထမအကြိမ်အဖြစ်ဖွင့်လှစ်တဲ့သင်တန်းမှာ  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှရဲတပ်ဖွဲ့ဝင်(၄၉)ဦးကို တက်ရောက် သင်းကြားစေခဲ့ပြီး သင်တန်းဆင်းလာတဲ့တပ်ဖွဲ့ဝင်တွေကို နည်းပြအဖြစ်ပြန်လည် မွေးထုတ်ပြီး  ဆင့်ပွားပြန်လည်သင်ကြားပေးတာလည်းဖြစ်ပါတယ်။
 
ဒီလိုဆင့်ပွားသင်တန်းတွေကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့လည်းသိရပါတယ်။ အမှတ်(၁)စစ်အခြေခံလေ့ကျင့်ရေး တပ်(မင်းကုန်း)မှာ ဖွင့်လှစ်ခဲ့တဲ့ ခေတ်မီ လက်နက်များကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုပစ်ခတ်ရေး သင်တန်းကို  တတ်ရောက်ခွင့်ရတာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့  ပထမဆုံးအကြိမ်ဖြစ်သလို  ပြည်နယ်နဲ့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ တွေထဲ ဒီလို ဆင့်ပွားသင်တန်းကိုဖွင့်လှစ်ပေးတာကလည်း  ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ က ပထမဆုံးပဲဖြစ်ပါတယ်။
 
 
 
 

Related News