ရန်ကုန်မြို့ သံဈေး (၅)လွှာမှာဖွင့်လှစ်ထားတဲ့ ရန်ကုန် Book Plaza  ရဲ့ စာအုပ်ရောင်းချမှု အခြေအနေဟာ အစိုးရရုံးပိတ်ရက်တွေနဲ့ ဈေးရောင်းပွဲတော်ရက်တွေမှသာ စာအုပ်ရောင်းချရမှုအား များပြားတာကိုတွေ့ရှိရတယ်လို့ ရန်ကုန် Book Plaza  တည်ထောင်ထားသူက ပြောပါတယ်။ ရန်ကုန် Book Plaza  ကို (၂၀၁၇)ခုနှစ် မတ်လပိုင်းကစတင်တည်ထောင်ခဲ့ပြီး စတင် တည်ထောင်စဉ် အချိန်ကနေ ယခုအချိန်အထိ စာအုပ်ရောင်းချရမှုအားဟာ အစိုးရရုံး ပိတ်ရက်တွေနဲ့ ဈေးရောင်းပွဲတော်ရက်တွေမှသာ ရောင်းချရမှုများပြားတယ်လို့ သိရပါတယ်။ စာအုပ်တွေက ပြည်သူတွေအတွက် မ၀ယ်မနေရ အခြေခံစားသောက် ကုန်ပစ္စည်းတွေ မဟုတ်တဲ့အတွက်ကြောင့် လည်းကောင်း၊ ယခုနောက်ပိုင်းမှာ နည်းပညာဖွံ့ဖြိုးတိုးတက်လာပြီး ပစ္စည်းတွေပေါများလာတဲ့ အတွက်ကြောင့်လည်းကောင်း စာပေဖတ်ရှုသူနည်းပါးလာပြီး စာအုပ်တွေရောင်းချမှုအတွက် အခက်အခဲအနည်းငယ်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင်  အစိုးရရုံးကပိတ်ရက်တွေမဟုတ်တဲ့ ကြားရက်တွေမှာတော့ စာအုပ်ရောင်းချမှုနဲ့ လာရောက်ဝယ်ယူသူတွေဟာ ပုံမှန်အနေအထားပဲ ရှိတယ်လို့ ရန်ကုန် Book Plaza  တည်ထောင်သူ ကအခုလိုပြောပါတယ်။ စာအုပ်တွေကို မူရင်းဈေးနှုန်းနဲ့မ၀ယ်နိုင်တဲ့သူတွေအတွက် ရန်ကုန် Book Plaza  မှာ အထူးလျော့ဈေးနဲ့ လစဉ်လတိုင်း စာအုပ်ဈေးရောင်းပွဲတော်ကို တစ်လ(၂)ကြိမ်ပုံမှန်ပြုလုပ်ပေး လေ့ရှိတယ်လို့ သိရပါတယ်။
 
ရန်ကုန် Book Plaza  အတွင်းမှာ စာအုပ်ဆိုင်ပေါင်း (၂၀)ကျော် ရှိပြီး အဲ့ဒီ စာအုပ်အရောင်းဆိုင်တွေရဲ့ စာအုပ်ရောင်းချရမှုနှုန်းထားဟာ ဈေးရောင်းပွဲတော်ရက်တွေမှ သာ ရောင်းအားပိုကောင်းတယ်လို့ စာအုပ်အရောင်းဆိုင် တချို့မှ အခုလိုပြောပါတယ်။ စာအုပ်ဈေးရောင်းပွဲတွေကို စာအုပ်အမျိုးအစားအလိုက် ကလေးစာပေဈေးရောင်းပွဲ၊ ဘာသာပြန် စာပေဈေးရောင်းပွဲနဲ့ ၀တ္တုတိုစာအုပ်ဈေးရောင်းပွဲတို့အပြင် ရန်ကုန် Book Plaza  မှရှိတဲ့ စာအုပ်အမျိုးအစား ပေါင်းစုံကို ဈေးလျော့ပြီးရောင်းချပေးတာတွေပြုလုပ်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူတွေ စာအုပ်စာပေတွေ အပေါ်စိတ်ဝင်စားလာအောင် ရန်ကုန် Book Plaza  မှာ ကျောင်းပိတ်ရာသီအတွင်း ကျောင်းသားတွေအတွက် ကျောင်းသားကဒ်ပြပြီး ကြိုက်တဲ့ စာအုပ်ကိုဝယ်ယူလျှင် (၁၀)ရာခိုင်နှုန်းဈေးလျော့ပေးပြီး ရန်ကုန် Book Plaza   အတွင်းရှိ စားသောက်ဆိုင်တွေမှာလည်းလျော့ဈေးတွေပေးပြီး ကျောင်းသား၊ကျောင်းသူတွေ စာအုပ်တွေကို စိတ်ဝင်စားလာအောင် ပြုလုပ်ပေးတာတွေလည်းရှိတယ်လို့သိရပါတယ်။ ကလေးငယ်တွေအတွက် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံဆွဲပြိုင်ပွဲတွေနဲ့ ကလေးငယ်တွေပါဝင်လို့ရမယ့် အစီအစဉ်တွေကို ပုံမှန်ပြုလုပ် ပေးလေ့ရှိပြီး နောက်နှစ်တွေမှာလည်း ကလေးငယ်တွေအတွက်ထူးခြားတဲ့ အစီအစဉ်တွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ရန်ကုန် Book Plaza  တည်ထောင်သူကပြောကြားခဲ့ပါတယ်။
 
 

Related News