၂၀၁၇ နှစ်ကုန်ပိုင်းမှ စတင်ကာ ငါးမွေးမြူရေးကန်တွေမှာ ၀င်ရောက်ဖျက်ဆီးနေတယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ စုပ်ခွက်ငါးတွေက ရေညှိရေမှော်စားတဲ့ ငါးမျိုးစိတ်သာဖြစ်ပြီး အသားစားတဲ့ ငါးမဟုတ်တာကြောင့် အခြားငါးမျိုးစိတ်တွေအတွက် အန္တရာယ်မရှိနိုင်ဘူးလို့ မြန်မာနိုင်ငံ အလှမွေးငါးလုပ်ငန်းရှင်များ အသင်းက  ဇန်န၀ါရီ ၉ ရက်က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ပြုလုပ်တဲ့ အပတ်စဉ်ငါးလုပ်ငန်းအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံအလှမွေး ငါးမွေးမြူရေးလုပ်ငန်းရှင်များ အသင်းကတော့ စုပ်ခွက်ငါးက အုတ်ကန်နဲ့ငါးကန်တွေ သန့်ရှင်းဖို့ မွေးမြူတဲ့ ငါးဖြစ်ပြီး အသားမစားတာကြောင့် အန္တရာယ်ရှိတဲ့ မျိုးစိတ်မဟုတ်ဘူးလို့ ပြောပါတယ်။
 
အလှမွေးငါးလုပ်ငန်းရှင်တွေက စုပ်ခွက်ငါးမျိုးစိတ်တွေကို အလှမွေးငါးအနေနဲ့ မွေးမြူဖို့ ထိုင်းနိုင်ငံကနေ တင်သွင်းလာတာဖြစ်ပြီး စုပ်ခွက်ငါးကို ၀ယ်ယူမွေးမြူတဲ့သူတွေက မြစ်ချောင်းအင်းအိုင်တွေမှာ စွန့်ပစ်ကြတာကနေ မြန်မာနိုင်ငံအနှံ့အပြားမှာ မျိုးပွား ပျံ့နှံ့လျက်ရှိနေပြီဖြစ်ပါတယ်။ စုပ်ခွက်ငါးတွေက အန္တရာယ်ရှိတဲ့ မျိုးစိတ်မဟုတ်ပေမယ့် ငါးကန်တွေထဲ ၀င်ရောက်ပြီး မွေးမြူရေးငါးတွေရဲ့ အစာကို လုစားတာနဲ့ ကန်ပေါင်တွေကို ဖျက်ဆီးမှု ရှိနေတာကြောင့် နောက်ပိုင်းကစပြီး မြန်မာ့ရေပြင်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အလှမွေးငါးတင်သွင်းမှုတွေ မရှိစေဖို့ ငါးလုပ်ငန်းဦးစီး ဌာနနဲ့ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ အလှမွေးငါးလုပ်ငန်းရှင်များ အသင်းက ပြောပါတယ်။
 
ဒီလို မျိုးပွားပျံ့နှံ့နေတဲ့ စုပ်ခွက်ငါးတွေကို တစ်နှစ်တာ စီမံကိန်းရေးဆွဲ ထိန်းချုပ်သွားမှာဖြစ်ပြီး ငါးလုပ်ငန်း ဦးစီးဌာန၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အလှမွေးငါး လုပ်ငန်းရှင်များ အသင်းနဲ့ မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပါတယ်။ လက်ရှိမှာ မွေးမြူရေးကန်ထဲက ဖမ်းဆီးရမိတဲ့ စုပ်ခွက်ငါးတွေကို သတ်ပစ်နေရတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဘယ်လို အသုံးချရမလဲဆိုတာ အဖြေရှာသွားမယ်လို့ဆိုပါတယ်။
 
စုပ်ခွက်ငါးတွေက မြစ်ချောင်းအင်းအိုင်တွေကနေ တစ်ဆင့် ငါးမွေးမြူရေးကန်ထဲ ၀င်ရောက် ရှင်သန်နေတာကြောင့် မွေးမြူရေးငါး အထွက်နှုန်းလျော့ကျတာ၊ မွေးမြူရေးငါးတွေကို ကျွေးမွေးတဲ့ အစာတောင့်တွေကို လုယက်စားသောက်တာကြောင့် မွေးမြူရေးငါးတွေ အစာဝလင်စွာ မစားရတာနဲ့ စုပ်ခွက်ငါးတွေ တူးဆွမှုကြောင့် မွေးမြူရေး ကန်ပေါင်တွေ ပျက်စီးမှု ရှိနေတယ်လို့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်းမှ ထုတ်ပြန်ထားပါတယ်။ လူမှုကွန်ရက်မီဒီယာတွေမှာတော့ စုပ်ခွက်ငါးက အန္တရာယ်ရှိတဲ့ ငါးမျိုးစိတ်ဆိုပြီး ရေးသား ပျံ့နှံ့နေတာဖြစ်ပါတယ်။
 
 
 

Related News