အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အနှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ရုပ်တုနှင့် ရင်ပြင် ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့ကမန်္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၅၆ လမ်းနှင့် ၅၇ လမ်းကြား၊ ဘုရင့်နောင်လမ်းနှင့် ကျန်စစ်သားလမ်းကြားရှိ မန္တလာ တံခွန် ပန်းခြံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုကြီးဟာ အမြင့် ၁၃ ပေ အလျား ၉ ပေ အနံ ၇ပေခွဲရှိပြီး ကြေးပိဿချိန်ပေါင်း ၁၈၀၀ ရှိကာ မြန်မာနိုင်ငံရှိ ကြေးသွန်းရုပ်တုများမှာ ကြေးပိသာချိန်အများဆုံး ကြေးသွန်းရုပ်တု ဖြစ်တယ်လို့သိရပါတယ်။ဗိုလ်ချုပ်ကြေးသွန်းရုပ်တုကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က စတင် သွန်းလုပ်ခဲ့ တာဖြစ်ပြီး ဇွန်လ(၈)ရက်နေ့မှာ ကြေးသွန်းလုပ်မှု ပြီးစီခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့များက ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုကို မန္တလေးမြို့တွင်းအနှံ့ မြို့မအပျော်တမ်း တူရိယာအသင်းကြီးနှင့်အတူ လှည့်လည်ပြသခဲ့ပါတယ်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့်ရင်ပြင်ဖွင့်ပွဲကို ဇွန်လ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၄ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဖွင့်ပွဲမှာကျင်းပပြုလုပ်မည့် အစီအစဉ်များနှင့် ကျင်းပပြုလုပ်ဖြစ်တဲ့ ရည်ရွယ်ချက်များကိုဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့် ရင်ပြင်ဖြစ်မြောက်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှုး ဦးမင်းထက်ငြိမ်းချမ်းက ခုလိုပြောပါတယ်။

ရုပ်ထုထားရှိရာ မန္တလာတံခွန် ပန်းခြံ၏အကျယ်မှာ ဧရိယာစတုရန်းပေ (၈၅၂၆၄) ရှိပြီးရုပ်တုထားရှိတဲ့ ရင်ပြင်အကျယ်မှာ ဧရိယာစတုရန်းပေ (၄၇၈၀)ရှိကာ ကြေးသွန်း ရုပ်တုအောက်ခံအဌဂံတုံး အမြင့်ပေမှာ(၆)ပေခွဲရှိတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်တုနဲ့ ရင်ပြင်ဖွင့်ပွဲသို့ လာရောက်သူများကလည်းခုလိုပြောပြခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရုပ်တုနှင့် ရင်ပြင်ဖွင့်ပွဲ အထိမ်းအမှတ် ကျင်းပနေတဲ့ ဇွန်လ ၁၇ ရက်နေ့မှ ၂၀ရက်နေ့အတွင်း နေ့ခင်းပိုင်းမှာ မြန်မာ့ရိုးရာ ခေါင်းအုံးရိုက်ပြိုင်ပွဲများ၊ ချောတိုင်တက်ပွဲ များ၊ ခြင်းအလှပြခတ်ကစားခြင်းများပါဝင်ပြီး ညပိုင်းမှာ စာပေဟောပြောပွဲများ၊ မြို့မတေးဂီတ အဖွဲ့ကြီးနှင့် အငြိမ့်ခန်းဖျော်ဖြေမှု၊ ပြဇာတ်၊ ပဒေသာကပွဲများ၊ ဇာတ်ပွဲများ ပါဝင်တယ်လို့ သိရပါတယ်။

ရန်ကုန် မန္တလေးရှိ စာအုပ်ဆိုင် ပေါင်း (၇၀) ကျော်မှလည်း သုတရသဆိုင်ရာစာအုပ်များ၊ ကလေးစာပေ၊ ဘာသာရေးစာပေဆိုင်ရာ စာအုပ်များကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းထိန်နှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

 

Related News