နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)နှစ်မြောက် မွေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့ အနေနဲ့ ကျောက်တံတားမြို့နယ် (၃၉)လမ်းနှင့် ဆိပ်ကမ်းသာအလယ်လမ်း နောက်ဖေးလမ်းကြားတွင် ပန်းဥယျာဉ်နှင့် ကလေးကစားကွင်း ဖွင့်ပွဲအခမ်းအနားကို  ဇွန်လ(၁၇)ရက် က ပြုလုပ်ခဲ့ပါတယ်။ ပန်းဥယျာဉ်နှင့် ကလေးကစားကွင်းကို   ကလေးတွေအတွက်လည်း ဆော့ကစားရမှာ လွတ်လွတ်လပ်လပ်နဲ့ အန္တရာယ်ကင်းစွာဆော့ကစားနိုင်ဖို့အတွက် ဖန်တီးပေးတာဖြစ်တယ်လို့ သိရပါတယ်။ ဒီပန်းခြံ မတည်ဆောက်ခင် ကလေးတွေဟာ တိုက်ခန်းပေါ်မှာသာနေရပြီး မြို့ထဲလမ်းတွေမှာ ကားတွေကလည်းပိတ်နေတာကြောင့် ကစားကွင်းတွေနဲ့ ဝေးကွာနေတဲ့အတွက် အခုလိုဖန်တီးပေးတာဖြစ်တယ်လို့ သိရပါတယ်။ 
 
ပန်းဥယျာဉ်နှင့် ကလေးကစားကွင်းကို လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်နေပြည်သူများ၊ ဒို့အိမ်အဖွဲ့နဲ့ ရပ်ကွက်သာယာရေးအဖွဲ့တွေ ပူးပေါင်း ဆောက်လုပ်ပေးတာဖြစ်ပြီး  ငွေကျပ်(၅၆)သိန်းခန့် ကုန်ကျတယ်လို့ သိရပါတယ်။ ဒါ့အပြင်  OLGA Children's Art Organization မှလည်း ဒီဥယျာဉ်ထဲမှာ ကလေးပန်းချီကဏ္ဍကို တာဝန်ယူရေးဆွဲပေးတယ်လို့သိရပါတယ်။ နောက်ဖေးလမ်းကြားတွေမှာ ပန်းဥယျာဉ်နှင့် ကလေးကစားကွင်း ဖွင့်လှစ်ပေးတာဟာ ဒို့အိမ်အဖွဲ့အနေနဲ့ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး လာမယ့်ဇူလိုင်လအတွင်းမှာလည်း (လမ်း၃၀နဲ့၊ ၃၁လမ်း)အလယ်ဘလောက်ရှိ နောက်ဖေလမ်းကြားမှာ ကလေးကစားကွင်း၊ပန်းဥယျာဉ်နဲ့ ရွေ့လျားစာကြည့်တိုက်တို့ကို ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 

Related News