လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကောက်ယူထားတဲ့စာရင်းတွေအရအသက်(၉၀)နှစ်နှင့်အထက်ဘိုးဘွား (၄၂၀၂)ဦးကို လူမှုရေးပင်စင်ထောက်ပံ့ပေးနေပြီလို့ သိရပါတယ်။ အသက်(၉၀)နှစ်နဲ့အထက်ဘိုးဘွားတွေရဲ့လူမှုရေးပင်စင်လစာအနေနဲ့  (၂၁၀၇-၂၀၁၈)ဘဏ္ဍာနှစ် ဧပြီလမှစတင်ပြီး တစ်လကိုငွေကျပ်တစ်သောင်းနှုန်းနဲ့ ဧပြီ၊မေ၊ဇွန် (၃)လစာ အတွက် ငွေကျပ် သုံးသောင်းကို ဇွန်လ(၁၅)ရက်က သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေကတဆင့် စတင်ပေးအပ်နေတာဖြစ်ပါတယ်။ အခု ဇွန်လ(၁၆)ရက်မှာတော့ လူမှုဝန်ထမ်းဦးစီးဌာနက တာမွေမြို့နယ်၊ စမ်းချောင်းမြို့နယ်နဲ့ ကမာရွတ်မြို့နယ်ရှိ ဘိုးဘွားတွေကို အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေ လိုက်လံပေးအပ်နေတာပါ။

လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ အခုလိုအသက်(၉၀)နှစ်နဲ့အထက်ဘိုးဘွားတွေကို စာရင်း ကောက်ယူရာမှာ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့်ကောက်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဘိုးအဘွားတွေအနေနဲ့ အခုလိုလူမှုရေးပင်စင်ပေးအပ်တဲ့အတွက် လှူဒါန်းဖို့ နဲ့ ဆေးဖိုး တွေအပြင်လိုရာ သုံးဖို့ရရှိတဲ့အတွက် ဘိုးဘွားတွေအတွက် အထောက်အပံ့ဖြစ်စေတယ်လို့ ပြောပါတယ်။ (၂၀၁၆)ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်က သက်ကြီးရွယ်အိုဆိုင်ရာဥပဒေကိုထုတ်ပြန်ခဲ့ပြီး ဒီဥပဒေရဲ့အပိုဒ် (၂၅)အရ နိုင်ငံတော်ကသက်ကြီးဘိုးဘွားတွေကိုထောက်ပံ့ငွေပေးအပ်တာဖြစ်ပါတယ်။ဘိုးဘွားတွေကို အခုလို လူမှုရေးထောက်ပံ့ငွေပေးအပ်ရာမှာ လူမှုဝန်ထမ်းဦးစီးဌာနဲ့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးတွေပူးပေါင်းပြီး ဇွန်လ(၁၅)ရက်မှ(၃၀)ရက်ထိပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ဘဏ်တွေ၊ ငွေလွှဲတွေနဲ့ချိတ်ပြီးပေးအပ်သွားဖို့ရှိတယ်လို့သိရပါတယ်။

 

    

Related News