ရန်ကုန်မြို့၊မဟာစည်သာသနာ့ရိပ်သာ၊သြ၀ါဒါစရိယ ဘဒ္ဒန္တ၀ါသ၀ ဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မြစ်သားဆရာတော်ဘုရားကြီးဟာ ဇွန်လ ၁၅ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ တောင်ကိုရီးယာနိုင်ငံကို သာသနာပြု ခရီးထွက်ခွာသွားပါတယ်။တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့၊ မူလသတိအာရာမ ထေရ၀ါဒကျောင်းတိုက် သာသနာ့ရိပ်သာ မှာ သိမ်သမုတ်ဖို့ကြွရောက်တာဖြစ်ပြီး ယခုသိမ်သမုတ်မယ့်ကျောင်းက ဆရာတော်အရှင်ဗုဒ္ဓပါလဟာ မူလက မဟာယာန ရဟန်းဖြစ်တယ်လို့ သိရပါတယ်။
 
ရန်ကုန်မဟာစည်သာသနာ့ရိပ်သာကို လာရောက်တရားအားထုတ်ပြီးနောက် မဟာယာနအဖြစ်ကနေ ထေရ၀ါဒလျှောက်ထားလာလို့ ဆရာတော်ဘုရားကြီးက ရဟန်းခံခွင့်ပြုလိုက်ကာ တည်မြဲနေလို့ ခုလိုသိမ်သမုတ်ပေးဖို့ ကြွရောက်မှာ ဖြစ်တယ်လို့ ဆရာတော်ဘုရားကြီးက မိန့်ကြားလိုက်ပါတယ်။မြစ်သားဆရာတော်ဘုရားကြီးနဲ့အတူ မဟာစည်သာသနာ့ရိပ်သာနာယက (ဥက္ကဋ္ဌ) ငါးသိုင်းချောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာသက္က၊ စစ်ကိုင်းတောင်ရိုး ဓမ္မစွမ်းရည် မဟာစည်ရိပ်သာ ဆရာတော် ဘဒ္ဒန္တဣဿရိယ၊ ကန်စွယ်ကျောင်းတိုက် မဟာစည်ရိပ်သာ ပြင်စည်ဆရာတော် ဘဒ္ဒန္တ ပညောဘာသ၊ မြစ်သားမြို့ ရွှေကြာဦးဆရာတော် ဘဒ္ဒန္တစန္ဒိမာတို့ လိုက်ပါခဲ့ကြပါတယ်။ဒီခရီးစဉ်ကိုတော့ မြစ်သားဆရာတော်ဘုရားကြီး ဒါယကာ ဦးဂျင်မီနဲ့ ဒါယိကာမ ဒေါ်နီနီဝင်း တို့က လိုက်ပါပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ဇွန်လ ၂၁ရက်နေမှာ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ 
 

Related News