သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေး လက္ခဏာတွေက ဆင်တူနေပြီး ရောဂါအမျိုးအစားခွဲခြားမသိဘဲ အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်မိရင် အသက်အန္တရာယ်ရှိတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သတိပေးပြောဆိုထားပါတယ်။ ဖျားနာကိုက်ခဲပြီး အနီစက်ထွက်တဲ့ လက္ခဏာတွေပြလာခဲ့ရင် သွေးလွန်တုပ်ကွေး ဖြစ်နေတာလား၊ ဒါမှမဟုတ် ဆင်တုပ်ကွေး ကူးစက်ခံစားနေရတာလားဆိုတာကို ဆေးရုံ၊ ဆေးခန်းသွားပြ အတည်ပြုပြီးမှ ကုသမှု ဆက်လက်ခံယူသင့်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အကြံပြုထားပါတယ်။ ဆင်တုပ်ကွေးက အကိုက်အခဲပျောက်ဆေးသောက်ဖို့ လိုအပ်ပြီး သွေးလွန်တုပ် ကွေးကတော့ အကိုက်အခဲပျောက်ဆေးကို လိုအပ်တာထက် သောက်မိရင် သွေးယိုစီးပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။

သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေးရောဂါ နှစ်ခုစလုံးဟာ ခြင်ကျားအကိုက်ခံရာကနေတစ်ဆင့် ကူးစက်ဖြစ်ပွားတာပါ။ ဒီ ကူးစက် ရောဂါနှစ်ခုလုံးဟာ အပြင်းဖျားတာ၊ ၊ အနီစက်တွေ၊ အင်ပြင်တွေထွက်တာစတဲ့ ရောဂါလက္ခဏာတွေ ဆင်တူလေ့ရှိပါတယ်။ ဒါပေမဲ့ သွေးလွန်တုပ်ကွေးက သွေးယိုစီးတာတွေ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဆင်တုပ်ကွေးရဲ့ ထူးခြားချက်က ကိုက်ခဲတာ ကို အပြင်းအထန်ခံစားရတာဖြစ်ပြီး အသက်အန္တရာယ်တော့ မရှိပါဘူးလို့သိရပါတယ်။

ဆင်တုပ်ကွေးရောဂါကူးစက်ခံရသူအများစုဟာ ဆေးခန်းပြသတဲ့ အဆင့်မှာ သက်သာကြပြီး ဆေးရုံအဆင့်ထိ မရောက်တဲ့ ရောဂါဖြစ်တာကြောင့် ဖြစ်ပွားသူဦးရေစာရင်း အတိအကျမရှိဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဖြေဆိုထားပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇူလိုင်လ (၁၅) ရက်အထိ ဖြစ်ပွားသူ (၁၂၀၀)ကျော်နဲ့ သေဆုံးသူ (၁၃) ဦးရှိနေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံက သိရပါတယ်။

 

 

 

Related News