မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် နှလုံးအဆို့ရှင်ကျဉ်းရောဂါအား မခွဲစိတ်ဘဲ ပေါင်ခြံသွေးလွှတ်ကြောမှ တစ်ဆင့်အဆို့ရှင် တပ်ဆင်ခြင်းကုထုံးကို မန္တလေး အထွေထွေရောဂါ ကုဆေးရုံကြီးမှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ယခုကုသမှုမှာ လူနာ ၅ဦး ရွေးချယ်ကာ အခမဲ့ကုသပေးတာဖြစ်ပြီး ခွဲစိတ်ကုသဖို့ မသင့်တော်တဲ့သူ၊ အသက်အရွယ်ကြီးသူ၊ မေ့ဆေးဒဏ်မခံနိုင်သူ၊ အခြားရောဂါတစ်မျိုးမျိုးရှိသူ၊ ခွဲစိတ်မှုဒဏ်မခံနိုင်သူတွေကို ဦးစားပေးရွေးချယ်ကုသပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
လှူဒါန်းမှုကို စင်္ကာပူနိုင်ငံ Edward Life Science(အက်ဝါ့ဒ်လိုက်ဖ်ဆိုင်းယန့်)ကုမ္ပဏီက အဆို့ရှင်လဲလှယ်ကုသမှုအတွက် ၁၂စုံစာပြင်ဆင်ပေးခဲ့တာဖြစ်ပြီး အဆို့ရှင်ကုသမှုအတွက် တစ်စုံကိုဒေါ်လာ ၄သောင်းကျော်ရှိပြီး မြန်မာငွေသိန်း ၅၀၀ကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။ ကုသမှုကို ဖေဖေါ်ဝါရီလ၁၂ရက်မှာ ၃ဦးကုသခဲ့ရာအောင်မြင်မှုရှိခဲ့ပြီး ၁၃ရက်မှာကျန်၂ဦးကို ဆက်လက်ကုသပေးခဲ့တယ်လို့ သိရပါတယ်။ နောင်တစ်ချိန်မှာသက်သာတဲ့အဆို့ရှင်တွေ ပေါ်လာပြီး နိုင်ငံတော်မှာ ပံ့ပိုးမှုတွေရှိလာရင် ယခုနည်းပညာစနစ်သစ်နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ နှလုံးအဆို့ရှင် ကျဉ်းလူနာတွေကိုခွဲစိတ်စရာမလိုဘဲ ကယ်တင်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
 
ဒီနှလုံးအဆို့ရှင်ကုထုံးကို၂၀၀၉ခုနှစ်လောက်က အနောက်နိုင်ငံတွေမှာစတင်ကုသခဲ့ပြီး၂၀၁၇ခုနှစ် သြဂုတ်မှာ ကုသမှု၁သိန်းဝန်းကျင်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ အာရှတိုက်မှာဆိုရင် ကုသမှု ၁သောင်း ၀န်းကျင်အောင်မြင်ခဲ့ကာ ဂျပန်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံတွေက အများဆုံး ကုသနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအဆို့ရှင်လဲလှယ်တပ်ဆင်ခြင်း ကုသမှုကို စင်္ကာပူနိုင်ငံ အမျိုးသားတက်္ကသိုလ် ဆေးရုံကြီးမှ နှလုံးအထူးကုဆရာဝန်ကြီးတွေက ပညာဒါနလှူဒါန်းခဲ့ကာ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးနှလုံးအထူးကုဌာန၊ နှလုံးခွဲစိတ်ဌာန၊ မေ့ဆေးဌာနနဲ့ ဓါတ်မှန်ဌာနတို့က အတူတကွ ပူးပေါင်းပြီးစနစ်တကျဆောင်ရွက်ခဲ့နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 

Related News