ရန်ကုန်တိုင်းဒေသကြီးမှာ ပထမဆုံးအကြိမ် ပြုလုပ်မဲ့ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ရန်ကုန်ကလေးဆေးရုံကြီးမှာ ဆောင်ရွက်မှာဖြစ်ပြီး ရွေးချယ်ထားတဲ့ ကလေးနှစ်ယောက်ကို အလှူရှင်တွေရဲ့အကူအညီနဲ့ ဇန်န၀ါရီလ ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာ အခမဲ့ ခွဲစိတ်သွားမှာဖြစ်ပါတယ်။ 
 
နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရတာကြောင့် ပုံမှန်ကျောက်ကပ်ဆေးနေရတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ကျောက်တော်ရွာမှ အသက် ၁၃ နှစ်အရွယ် မအေးမြမိုးနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက်္ကလာပမြို့နယ်မှ အသက် ၁၁ နှစ်အရွယ် မနန်းယုဝေတို့ကို ကျောက်ကပ်အစားထိုး ခွဲစိတ်ဖို့ ရွေးချယ်ထားတယ်လို့ သိရပါတယ်။ သွေးအုပ်စုတူညီပြီး အသားစချင်း တူညီမှုရှိတဲ့ ကလေးတွေရဲ့ သွေးသားရင်းဖြစ်သူ အကိုနဲ့အမတွေက ကျောက်ကပ်လှူဒါန်းမှာ ဖြစ်ပါတယ်။
 
ရန်ကုန်ကလေးဆေးရုံကြီးမှာ ပြုလုပ်မယ့် ကလေးကျောက်ကပ်အစားထိုး ခွဲစိတ်မှုကို စင်ကာပူနိုင်ငံ National University မှ ပရော်ဖက်ဆာတွေ ပါဝင်ကူညီမှာဖြစ်ပြီး ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်နိုင်ဖို့ ပြည်တွင်းမှ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်နဲ့အခြားဆရာဝန်ဦးရေ ၃၀ကျော်ပါဝင်တဲ့ ဆပ်ကော်မတီ ၁၄ ခု ဖွဲ့စည်းပြီး ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။
 
ယခု ပြုလုပ်မယ့် ကလေးကျောက်ကပ်အစားထိုးခွဲစိတ်မှုအတွက် ၂၀၁၆ ခုနှစ် မေလကတည်းက ကြိုတင်ပြင်ဆင်ခဲ့ရတာဖြစ်ပြီး ခွဲစိတ်ကုသဖို့ ကြိုတင်ပြင်ဆင်စရိတ် ကျပ်သိန်း တစ်ရာနီးပါး ကုန်ကျပြီး ဖြစ်ပါတယ်။ ရန်ကုန်ကလေးဆေးရုံကြီးမှာ  ပထမဦးဆုံး ခွဲစိတ်ကုသမယ့် ကလေးကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှုအတွက် လိုအပ်တဲ့ ဆေးဝါးကိရိယာပစ်္စည်းတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကူညီပံ့ပိုးပေးမှာဖြစ်တယ်လို့သိရပါတယ်။
 
နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ ကလေးတွေအတွက် အစားထိုးခွဲစိတ်ကုသနည်းက အကောင်းဆုံးဖြစ်ပေမယ့် ကျောက်ကပ်အလှူရှင် ရှားပါးပြီး ခွဲစိတ်ကုသစရိတ် ဈေးကြီးတာကြောင့် ပုံမှန်ကျောက်ကပ်ဆေးတဲ့နည်းလမ်းကိုပဲ ရွေးချယ်ကုသနေရပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာတော့ ကလေးလေးဦးကို ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခဲ့တာ အောင်မြင်ပြီးဖြစ်ပါတယ်။
 
 
 
 

Related News