မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါအဖွဲ့မှ ဦးစီးပြုလုပ်တဲ့ ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ နှီးနှောဖလှယ်ပွဲ ကို အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဗေဒဆိုင်ရာ ကမ္ဘာ့အဆင့်မီ ပါရဂူတွေ တက်ရောက်မှာ ဖြစ်တယ်လို့ ဇန်န၀ါရီ ၁၀ ရက်က ဆူးလေရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်တဲ့ အကြိုသတင်း စာရှင်းလင်းပွဲမှ သိရပါတယ်။ ယခု ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ နှီးနှောဖလှယ်ပွဲကို ပြည်ပမှ အတွေ့အကြုံရှိ ကမ္ဘာ့အဆင့်မီ ပါရဂူ အယောက် ၅၀ နီးပါး တက်ရောက်မှာ ဖြစ်တာကြောင့် အာရှနိုင်ငံတွေထဲမှာ ထိပ်သီးအဆင့်ရှိတဲ့ အကြီးဆုံး နှီးနှောဖလှယ်ပွဲတစ်ခု ဖြစ်လာမယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်းက ထုတ်ပြန်ထားပါတယ်။
 
ပြည်တွင်းမှ ဆရာဝန်တွေ အရည်အသွေးမြင့်မားစေရေးအတွက် အပြည်ပြည်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲတွေကို စဉ်ဆက်မပြတ် ပြုလုပ်ပေးတာဖြစ်ပြီး ပြည်သူတွေကို ထိရောက်တဲ့ ကုသမှုတွေပေးနိုင်ရန်နဲ့ သုတေသနလုပ်ငန်းတွေ စနစ်တကျ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်။နှီးနှောဖလှယ်ပွဲကို ပြည်ပမှ ပါရဂူ ဦးရေ ငါးဆယ်နဲ့ ပြည်တွင်းမှ ဆရာဝန်ဦးရေ သုံးရာ့ငါးဆယ် တက်ရောက်ရန် ကန့်သတ်ထားပြီး ပွဲတက်ရောက်ခွင့် လက်မှတ်တွေကို သတ်မှတ်နေရာနဲ့ အွန်လိုင်းတွေမှာ ရောင်းချနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံဆရာဝန်အသင်းမှာ မှတ်ပုံတင်ထားတဲ့ ဆရာဝန်တွေကို ၀င်ခွင့်လက်မှတ် ကျပ်တစ်သိန်းနဲ့ရောင်းချမှာဖြစ်ပြီး ပုံမှန်လက်မှတ်တွေကိုတော့  ကျပ်တစ်သိန်းခွဲနဲ့ ၀ယ်ယူရမှာဖြစ်ပါတယ်။
 
ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ နှီးနှောဖလှယ်ပွဲကို နိုဗိုတယ် ဟိုတယ်မှာ ယခု ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်တာ  ပြုလုပ်မယ်လို့ သိရပါတယ်။  ပြည်တွင်းမှာ ပြုလုပ်မယ့် ပဉ္စမအကြိမ်မြောက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ အပြည်ပြည်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နိုင်ငံတကာမှ အတွေ့အကြုံရှိ ပညာရှင်တွေ တက်ရောက် ဆွေးနွေးမှာ ဖြစ်တာကြောင့် ပြည်တွင်းမှ ဆရာဝန်တွေ လက်လွတ်မခံပဲ တက်ရောက်ဖို့ အသည်းအထူးကု ပါမောက္ခ ဦးခင်မောင်ဝင်းမှ တိုက်တွန်းပြောကြားထားပါတယ်။ အပြည်ပြည်ဆိုင်ရာ နှီးနှောဖလှယ် ပွဲတွေကို မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါအဖွဲ့မှ ၂၀၁၀ ပြည့်နှစ်တည်းက နှစ်နှစ်တစ်ကြိမ် ပုံမှန်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
 
 

Related News