ရန်ကင်းကလေးဆေးရုံကြီးမှာ ဇူလိုင်လ ၂၅ ရက်က ဓာတ်ခွဲအတည်ပြုခဲ့တဲ့ ရာသီတုပ်ကွေး Type A ကလေးလူနာနှစ်ဦးကို အထူးကြပ်မတ်ကုသဆောင်မှာရှိတဲ့ သီးသန့်အခန်းမှာ အသက်ရှူစက်တွေနဲ့ ကုသမှုပေးနေတယ်လို့ ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်ခိုင်က ဇူလိုင်လ(၂၆) ရက်မှာ အတည်ပြုပြောကြားပါတယ်။

ရန်ကင်းကလေးဆေးရုံကြီးရှိ ရာသီတုပ်ကွေးသံသယလူနာကလေးနှစ်ဦးကို စောင့်ကြည့် နေဆဲကာလအတွင်း အမျိုးသား ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှာ ဓာတ်ခွဲစစ်ဆေးတဲ့အခါ ရာသီတုပ်ကွေး Type A Positive ဖြစ်ကြောင်း ဇူလိုင်လ ၂၅ရက်မှာ အဖြေထွက်ခဲ့တာဖြစ်ပါတယ်။ ကလေး(၂)ဦးမှာ H1N1 ဗိုင်းရပ်စ်နဲ့ H3N2 ဗိုင်းရပ်စ်ကို ဓာတ်ခွဲတွေ့ရှိခဲ့တာဖြစ်ပြီး ရာသီတုပ်ကွေး Type A အမျိုးအစားထဲက ဗိုင်းရပ်စ်တွေ ဖြစ်တာကြောင့် ရောဂါလက္ခဏာတွေက ဆင်တူတယ်လို့ သိရပါတယ်။

ရန်ကင်းကလေးဆေးရုံကြီးကို ဇူလိုင်လ (၁၄)ရက်မှာ ရောက်ရှိတဲ့ ပဲခူးတိုင်းဒေသကြီး၊ သက္ကလမြို့နယ်နေ အသက် ၆နှစ် ၅ လ အရွယ် ကလေးမှာ H3N2 ဗိုင်းရပ်စ် တွေ့ရှိခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၃ ရက်က ဆေးရုံတက်ရောက်တဲ့ ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ်နေ အသက်သုံးနှစ် တစ်လအရွယ်ကလေးမှာတော့ H1N1 ဗိုင်းရပ်စ်စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကလေးနှစ်ဦးကို အထူးကြပ်မတ်ကုသဆောင်ရှိ သီးသန့်အခန်းမှာထားရှိကာ အသက်ရှူစက်တွေနဲ့ ကုသနေပြီး စောင့်ကြပ်ကြည့်ရှုနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ ရန်ကင်းကလေးဆေးရုံကြီးအနေနဲ့ ဒီကာလမှာတုပ်ကွေးလက္ခဏာနဲ့ ဆေးရုံလာရောက်ပြသတဲ့ ကလေးတွေကို ရာသီတုပ်ကွေးသံသယလူနာအဖြစ်စောင့်ကြည့်သွားမှာဖြစ်ပြီး လိုအပ်တဲ့ ဆေးကုသမှု တွေ ပေးသွားမယ်လို့ သိရပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာလည်းရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ်ကြောင့် လူနာသုံးဦး သေဆုံးခဲ့တယ်လို့ ဇူလိုင်လ ၂၆ ရက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

 

Related News