ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ဦးဆောင်ပြီး ဆေးလိပ်ငွေ့ကင်းစင်တဲ့ နယ်မြေများ ဖော်ထုတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ဇွန်လ ၁၂ ရက်ကပြုလုပ်ခဲ့ပါတယ်။  ၂၀၀၆ ခုနှစ်မှာ ပြဌာန်းထားတဲ့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို လိုက်နာဆောင်ရွက်မှု အားနည်းနေတာကြောင့် ဒီအလုပ်ရုံ ဆွေးနွေးပွဲကို ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းတွေသောက်သုံးမှုကြောင့် အဆုတ်ကင်ဆာ၊ ပါးစောင်(ပစောင်) ကင်ဆာအပြင် ရောဂါမျိုးစုံခံစားရနိုင်ပြီး ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံရှုရှိုက်ရတဲ့သူကိုပါ ကျန်းမာရေးထိခိုက်စေတာကြောင့် လူအများသွားလာလှုပ်ရှားတဲ့ နေရာတွေမှာ ဆေးလိပ်ငွေ့ကင်းစင်တဲ့နေရာတွေ တိတိကျကျ သတ်မှတ်နိုင်ဖို့ လိုအပ်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌက ပြောပါတယ်။၂၀၁၄ ခုနှစ်တည်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေများ ထူထောင်ရေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး  ၂၀၁၇ ခုနှစ်အတွက် ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကရင်နဲ့ ရှမ်းပြည်နယ်ဒေသ(၆)ခုမှာ စီမံချက်ချ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။လက်ရှိပြည်တွင်းမှာ လူအများဝင်ထွက်သွားလာနေတဲ့ ဘုရား၊ တက္ကသိုလ်များ၊ စာသင် ကျောင်းများ၊ အစိုးရဌာနများ၊ ဟိုတယ်၊ ဘူတာရုံ၊ လေဆိပ်စတဲ့ နယ်မြေ ၂၀ မှာ ဆေးလိပ်သောက်ခွင့် မရှိတဲ့နေရာတွေသတ်မှတ်ပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

 

Related News