မန္တလေးသင်္ကြန်ဟာ ဂီတသင်္ကြန်၊ အကသင်္ကြန်၊ အနုပညာသင်္ကြန်၊ ယဉ်ကျေးတဲ့သင်္ကြန် လို့ ခေတ်အဆက်ဆက် နာမည်ကျော်ခဲ့ကာ လူထုကို လွှမ်းမိုးထားနိုင်ခဲ့တဲ့သင်္ကြန်ပုံရိပ်တွေ ရှိခဲ့ပါတယ်။ 
သင်္ကြန်ဆိုတာ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကိုကူးပြောင်းခြင်း သင်္ကြန်နတ်ကူးပြောင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ သမိုင်းအထောက်ထားတွေအရ သင်္ကြန်ဆိုတာ ပုဂံခေတ်ကတည်းကရှိခဲ့ကာ မန္တလေးသင်္ကြန်ကတော့ ရတနာပုံ နေပြည်တော်တည်ကတည်းကစတင်ခဲ့ပါတယ်။ မန္တလေးရတနာပုံ နေပြည်တော်ခေတ်က သင်္ကြန်ကျဖို့ မောင်းကြေးနင်းခတ်ကာ သင်္ကြန်တော်ကျပြီဆိုမှသာ ရေကြည်ရေအေး၊ အမွှေးနံ့သာရည်များနဲ့ ပတ်ဖြန်းကြတာ ၊သပြေခက်ရွှေဖလားတို့နဲ့ ရေပက်ခဲ့ကြ တယ်လို့ သိရပါတယ်။

ရတနာပုံခေတ်သင်္ကြန်မှာတော့ ကောင်းမှုကုသိုလ်ပြုလုပ်တာ၊ ဥပုသ်သီလ ဆောက်တည်တာတွေကို အများဆုံးပြုလုပ်ခဲ့ကြပါတယ်။ ပါတော်မူပြီးနောက်ပိုင်း ၁၉၃၀ ၀န်းကျင်မှာတော့  မန္တလေးသင်္ကြန်ဟာ လော်ရီကားတွေကို အလှဆင်ပြီး ရေပတ်တာ၊ သီချင်းဆိုတာ၊ သံချပ်ထိုးတာတွေ နဲ့ မဏ္ဍပ်ဆင်ပြီး အကမဏ္ဍပ်တွေ စတင် ပြုလုပ်လာခဲ့ကြတယ်လို့ သိရပါတယ်။ စစ်ပြီးကာလ ၁၉၄၇ လောက်ရောက်တဲ့အခါမှာ မန္တလေးသင်္ကြန်ကဂီတအနုပညာနဲ့ဆက်စပ်တဲ့ အသင်းတွေ အလှပြယာဉ်တွေနဲ့ စတင်ပြောင်းလဲလာခဲ့တယ်ပါလို့လဲသိရပါတယ်။  မန္တလေးခေတ် အဆက်ဆက်က သင်္ကြန် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ စာရေးဆရာဆူးငှက်က အခုလိုပြောပြပါတယ်။လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းအချိန်မှာ မန္တလေးသင်္ကြန်ကို ငြိမ်းချမ်းရေးသင်္ကြန်ဆိုပြီး မြို့လုံးကျွတ်နီးပါး အလှပြယာဉ် ၁၀၀၊ အလှပြမဏ္ဍပ်ကြီး ၁၀၀ ၀န်းကျင်နဲ့ ဂီတ၊ အက၊ သီချင်း၊ အလှပြယာဉ် စတဲ့ပြိုင်ပွဲတွေ ပါပြုလုပ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးသင်္ကြန်ပြီးတဲ့ နောက်နှစ်မှာ ပြည်ထောင်စုသင်္ကြန်ကို ဆက်လက်ကျင်းပခဲ့ပြီး အဲဒီအချိန်က နိုင်ငံတော်အကြီးအကဲတွေကပါ တက်ရောက်ခဲ့ပြီး ခမ်းခမ်းနားနားကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။ မန္တလေးသင်္ကြန်က ရေပက် ကစားခြင်းက အဓိကမဟုတ်ဘဲအလှပြယာဉ်တွေထွက်တာ၊ အလှပြမဏ္ဍပ်တွေက ဖျော်ဖြေတာတွေက အဓိက ထင်ရှားပါတယ်။ မန္တလေးသင်္ကြန်မှာ ရပ်ကွက်တိုင်းက အလှပြယာဉ်တွေ၊ အကမဏ္ဍပ်တွေမှာ သံချပ်အဖွဲ့တွေ အကနဲ့ ဂီတကို သင်္ကြန်ရက်အတွင်း ညခင်းကစပြီး မိုးလင်းပေါက်အထိ ဖျော်ဖြေ ခဲ့ကြတာဖြစ်ပါတယ်။ မန္တလေးသင်္ကြန်ရဲ့ နာမည်ကျော်နဂါးမယ်အကမဏ္ဍပ်ကို တည်ထောင်သူ နဂါးဒေါ်ဦးရဲ့ သမီးနှင့်  ပါဝင်ကပြခဲ့ကြသူတွေကလည်း မန္တလေးသင်္ကြန်အကြောင်းကို အခုလိုပြောပြ ကြပါတယ်။

မန္တလေးသင်္ကြန်ဟာ ယဉ်ကျေးတဲ့သင်္ကြန်၊ ဂီတသင်္ကြန်၊ အကသင်္ကြန်၊ အနုပညာသင်္ကြန်ဆိုပြီး နာမည်ကျော် ခဲ့ကာ ဒီအစဉ်အလာကိုလည်းတန်ဖိုးထား လက်ဆင့်ကမ်းကြ တယ်လို့ဆိုပါတယ်။ သင်္ကြန်သီချင်းတွေမှာ လည်း ပညာရှင်ဆရာတွေရဲ့လက်ရာတွေဖြစ်တဲ့ မန်္တလေးသင်္ကြန်သီချင်းတွေက ခေတ်အဆက်ဆက် နာမည်ကျော်ခဲ့ပြီး ယနေ့တိုင်လွှမ်းမိုးနေဆဲဖြစ်ပါတယ်။ နာမည်ကျော် မန်းသင်္ကြန်သီချင်းတွေ   အများစုရေးဖွဲ့ခဲ့တဲ့ မြို့မအသင်းကလည်း ယနေ့တိုင် လူကြိုက်များတဲ့ တူရိယာ အသင်းကြီးတစ်ခုဖြစ်ပါတယ်။ မြို့မအသင်း ဟာ ဆရာငြိမ်း နဲ့ လူငယ်တွေတူထောင်ခဲ့တဲ့ အသင်းတစ်ခုလည်းဖြစ်ပါတယ်။ မန္တလေးသင်္ကြန်သီချင်းတွေ လူကြိုက်များပြီး နာမည်ကျော်ရတဲ့ အကြောင်းကိုလည်း မြို့မအပျော်တမ်းတူရိယာအသင်းဥက္ကဌ ဒေါက်တာလှခိုင်က အခုလိုပြောပြပါတယ်။

၁၉၈၀ ကျော် နောက်ပိုင်းမှာ အသင်းကြီးတွေ လျော့နည်းသွား ခဲ့ပြီး အလှပြယာဉ်တွေလည်း ထွက်တာနည်းသွားပါတယ်။ သင်္ကြန်ကို နောက်ပိုင်းကာလတွေမှာတော့ ကျုံးဘေးပတ်လည်မှာ ရေကစားမဏ္ဍပ်တွေ နဲ့ အစားထိုး ပြောင်းလဲလာခဲ့တယ်လို့သိရပါတယ်။ ယခုမန္တလေးမြို့တော်ဝန် လက်ထက် ၂၀၁၆ ခုနှစ်မှာ ဆိုရင် မန္တလေးသင်္ကြန်ကိုအများပြည်သူ အန္တရာယ်ကင်းပြီး အေးချမ်းစွာဆင်နွှဲ နိုင်ဖို့ လမ်းလျှောက်သင်္ကြန်ကို ဖော်ဆောင်ပြုလုပ်ခဲ့ကာအနယ်နယ်အရပ်ရပ်ကပါ လာရောက်ဆင်နွဲခဲ့ ကြပါတယ်။ ခေတ်ခေတ်အဆက်ဆက် မန္တလေးသင်္ကြန်မှာ လူတန်းစားပေါင်းစုံ ပါဝင်ဆင်နွှဲနိုင်ခဲ့ကြ တယ်လို့ အားလုံးပျော်ရွှင်ကြရတယ်လို့ စာရေးဆရာညီပုလေးက ပြောပါတယ်။ှ

အခုနှစ် ကျင်းပတော့မယ် မန္တလေးသင်္ကြန်ရဲ့ ဖွင့်ပွဲနေ့မှာ ရတနာပုံခေတ်က စည်တော်တီး၊ မောင်းတော်ခတ်ပြီး သင်္ကြန်တော်ခေါ်တဲ့ပုံစံအတိုင်း မန္တလေးသင်္ကြန်ကိုပြန်လည်အမှတ်ရနိုင်စေဖို့ သရုပ်ပြမယ့်အစီအစဉ်ကို လူငယ်တွေကဦးဆောင်ပြီး ပြုလုပ်သွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာရေး ကော်မတီက သိရပါတယ်။ ခေတ်အဆက်ဆက်မှာ ဂီတ၊ အက၊ အနုပညာ၊ ယဉ်ကျေးမှုနဲ့ မန္တလေးသင်္ကြန် နာမည်ကျော်ခဲ့သလို ယခုအချိန်မှာ မြန်မာတစ်နိုင်ငံလုံးတိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် သင်္ကြန်ကို ယဉ်ကျေးမှုကိုတန်ဖိုးထားပြီး အန္တရာယ်ကင်းစွာ ပျော်ရွှင်နိုင်ဖို့ကို လည်းဖော်ဆောင် လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

 

 

 

Related News