ရန်ကုန်မြို့မှာရောက်ရှိနေကြတဲ့ ရှမ်းတိုင်းရင်းသားတွေဟာ ရိုးရာသင်္ကြန်(အကြို)ပွဲကို ရန်ကုန်မြို့၊မျှော်စင်ကျွန်းမှာ ဧပြီ(၇)ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပွဲမှာတော့ ရှမ်းတိုင်းရင်းသားတွေဟာ ရိုးရာဝတ်စုံတွေကို ၀တ်ဆင်ကာ သူတို့ရဲ့နေရပ်က ရိုးရာဓလေ့အတိုင်း သင်္ကြန်ပွဲကို ဆင်နွှဲနေကြတာပါ။ အကြောင်းကြောင်းကြောင့် နေရပ်ကိုမပြန်နိုင်သူတွေ၊ ရိုးရာအင်္ကြန်ပွဲ ဆင်နွှဲပုံကို မသိရှိကြသေးတဲ့ ရန်ကုန်ကတိုင်းရင်းသား လူငယ်တွေအတွက် ခုလိုကျင်းပပေးခဲ့တာဖြစ်ပြီး ညနေ(၃)နာရီကနေ ည(၇)နာရီအထိ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ ရေကစားတာတွေနဲ့ ရိုးရာအကအလှတွေ၊ သီးချင်းသီဆိုမှုတွေ၊ ရိုးရာသီချင်းတွေနဲ့ ကပြဖျော်ဖြေတာတွေနဲ့ ရိုးရာမုန့်များ ကျွေးမွေးတာ တွေပါဝင်ခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသားများရိုးရာသင်္ကြန်(အကြို)ပွဲကို ရန်ကုန်မြို့မှာ ခုမှ ပထမဆုံးအကြိမ်အဖြစ်စတင် ကျင်းပပြုလုပ်ဖြစ်ခဲ့တာပါ။

ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကျင်းပရက်ကတော့ မြန်မာသင်္ကြန်ပွဲတော်ရက်ပဲဖြစ်သလို ကွာခြားမှုတွေအနေနဲ့ ကတော့ ရိုးရာဟန်ပန်၊ အ၀တ်အစား၊ စတုဒီသာ အစားအသောက်နဲ့ ဆင်နွှဲမှုပုံစံတို့သာဖြစ်ပြီး နောက်နှစ်တွေမှာလည်း နှစ်စဉ်ကျင်းပဖြစ်အောင် လုပ်ဆောင်သွားမယ် လို့လည်း ပြောပါတယ်။ဒီပွဲတော်ကိုတော့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုတက္ကသိုလ်တွေ အပါအ၀င် ရှမ်းအသင်းအဖွဲ့တွေ၊ ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားတွေက စုပေါင်းပြီး ကျင်းပခဲ့တာပါ။

ဒီပွဲကို ညနေ(၃)နာရီကစတင်ပြီး   ကရ၀ိတ်ဥယဉ်ရှေ့ (View Point)ကနေ ပွဲကျင်းပတဲ့မျှော်စဉ်ကျွန်းကို ရိုးရာအကအဖွဲ့အသီးသီးက ကပြချီတက်ခဲ့ကြပြီးနောက် ဖဲကြိုးဖြတ် အခမ်းအနားဖွင့်လှစ်ကာ ရန်ကုန်ရှမ်းစာပေ၊ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသား လူငယ်တွေကလည်း ခုလိုကျင်းပပေးမှုအပေါ် ကျေးဇူးတင်စကားတွေပြောခဲ့ပါတယ်။

 

 

Related News