(၂၀၁၈)ခုနှစ် မဟာသင်္ကြန်ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်မှာ မနှစ်ကထက် သင်္ကြန်ယိမ်းအဖွဲ့ပိုပြီး ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ အကဲဖြတ်လုပ်ငန်းဆပ်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။အခု(၂၀၁၈)ခုနှစ်မဟာသင်္ကြန်ရဲ့ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်မှာ ယိမ်းအဖွဲ့ဝင် (၆၅)ဖွဲ့ က ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီ်း ပြီးခဲ့တဲ့ နှစ်ထက် (၂)ဖွဲ့ပိုပြီး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ဒီလိုဝင်ရောက်ယှဉ်ပြိုင်မှုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက မတ်လ (၁၇)ရက်မှာ စတင်ပြီး လျှေက်လွှာဖောင်များကို ခေါ်ယူခဲ့ပါတယ်။ပြိုင်ပွဲဝင်အသင်းတွေကတော့  (၁၂)ဦးယိမ်းကို (မူကြို) (၈)သင်း၊ (၁၂)ဦးယိမ်း ကျောင်းမှ (၆)သင်း ၊ (၁၂)ဦးယိမ်း ရုံး၊အခြား (၇) ဦး၊(၁၆) ဦးယိမ်းကိုကျောင်း (၅)သင်း ၊ (၁၆) ဦးယိမ်း ရုံးအခြားမှ (၅)ဦး၊ (၂၀)ဦးယိမ်းအလွတ်တန်း ယိမ်း(၇)ဦးနဲ့ (၁၂)ဦးကျားအလွတ်တန်း (၃)ဦး စုစုပေါင်း (၄၁)အသင်း ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားရိုးရာအကများဖြစ်တဲ့ ထားဝယ်၊ရခိုင်၊ပအိုဝ့်၊ရှမ်း၊မွန်၊ချင်း၊ ကရင်၊ကချင် အစရှိတဲ့ တိုင်းရင်းသားအဖွဲ့ စုစုပေါင်း (၂၄)ဖွဲ့က၀င်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်ယိမ်းအဖွဲ့တွေကို အကဲဖြတ်ပေးမယ့် ပညာရှင်တွေက မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ အနုပညာဦးစီးဌာနထုတ်လုပ်ရေးဌာနစု(ရန်ကုန်) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မှ (၂) ဦး၊ မြန်မာနိုင်ငံ ပန်းချီ၊ပန်းပု၊အစည်းအရုံး(ဗဟို)မှ (၁)ဦး၊မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)မှ (၁) ဦး၊ပြင်ပ သဘင်ပညာရှင်မှ(၁)ဦး၊ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက်္ကသိုလ်(ရန်ကုန်)မှ (၁) ဦး၊ သဘင်ဖောင်ဒေးရှင်းမှ (၁) ဦး စုစုပေါင်း (၈) ဦးက ၀င်ရောက်အကဲဖြတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ပြိုင်ပွဲဝင်တွေကို ညီညာလှပမှုရှိခြင်း၊ ပြိုင်ပွဲဝင်တေးသီချင်းနဲ့လိုက်ဖက်ညီစွာ တင်ဆက်နိုင်ခြင်း၊ကကြိုးကကွက် ကောင်းမွန်ခြင်းနဲ့ ဆန်းသစ်တီထွင်မှုရှိခြင်း၊ ၀တ်စားဆင်ယင်မှုမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ လိုက်လျော ညီထွေစွာရှိခြင်းစတဲ့ အချက်(၅)ချက်ပေါ်မူတည်ပြီး အမှတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ပြိုင်ပွဲဝင်မယ့် ယိမ်းအဖွဲ့ဝင်တွေက သင်္ကြန် အကြို၊အကျ၊အကြတ်နေ့တွေမှာ မနက် (၈)နာရီကနေ (၉)နာရီအထိ၊ နေ့လယ် (၃) နာရီကနေ (၄)နာရီခွဲအထိ ပြိုင်ပွဲကျင်းပသွားမှာဖြစ်ပြီး ဆုကြေးတွေကို သင်္ကြန်အတက်နေ့မှာ ချီးမြှင့်သွားမှာဖြစ်ပါတယ်။ဆုကြေးတွေအနေနဲ့ ပထမဆု ငွေကျပ် (၅)သိန်း၊ ဒုတိယဆု ငွေကျပ် (၄) သိန်း၊တတိယဆု ငွေကျပ် (၃)သိန်း၊နှစ်သိမ့်ဆု (၂)သိန်းနဲ့ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ အသင်းတွေကို ငွေကျပ် (၁) သိန်းစီ ချီးမြှင့်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

 

 

Related News