ရွှေစာရံဘုရားပွဲတော်ကို တပေါင်းလပြည့်နေ့မတ်လ(၁)ရက်မှ လပြည့်ကျော် (၉)ရက် မတ်လ(၁၀) ရက်အထိ ကျင်းပနေတာဖြစ်ပြီး အနယ်နယ်အရပ်အရပ်က ဘုရားဖူးလာရောက်သူတွေနဲ့ စည်ကား နေတာ ဖြစ်ပါတယ်။ရွှေစာရံဘုရားပွဲတော်ကို နှစ်စဉ်ကျင်းပလာတာဖြစ်ပြီး ဘုရားပွဲကျင်းပလာတာ နှစ်ပေါင်း (၉၀)ကျော်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ ယခုနှစ်မှာဆိုရင်လည်း ဘုရားပွဲတော်ကို မန်္တလေး၊ ကျောက်ဆည်၊ စစ်ကိုင်း၊နောင်ချိုစတဲ့ ဒေသတွေကအများဆုံး လာရောက်ကြပြီး အနယ်နယ် အရပ်ရပ်က ဘုရားဖူးတွေနဲ့ စည်ကားလျက်ရှိတယ်လို့ ဘုရားပွဲလာရောက်သူတွေက ပြောပါတယ်။ ရွှေစာရံဘုရားပွဲတော်မှာ ပွဲတော်ရဲ့ ဓလေ့တစ်ခုဖြစ်တဲ့ထန်းရွက်၊ ထန်းဖူးနဲ့လုပ်တဲ့ ရိုးရာလက်မှု အမှတ်တရပစ္စည်းဆိုင်၊ ရှမ်းဒေသထွက်ပစ်္စည်းတွေရောင်းချတဲ့ဆိုင်တွေနဲ့ ရိုးရာမုန့်ဆိုင်တွေ အများအပြားရောင်းချကြပါတယ်။

 ရောင်းချတဲ့ဆိုင်တွေမှာ ရှမ်းတိုင်းရင်းသားတွေရောင်းချတဲ့ဆိုင် (၂၀၀)ကျော်ဗမာတိုင်းရင်းသားဆိုင် (၈၀၀)ကျော်နဲ့ စုစုပေါင်းဆိုင်(၁၀၀၀)ကျော် လောက်ရောင်းချ ကြတယ်လို့ သိရပါတယ်။ ရွှေစာရံဘုရားပွဲတော်ရက်အတွင်းမှာလည်း လာရောက်ကြတဲ့ ဘုရားဖူးတွေ အဆင်ပြေစေဖို့ ဆောင်ရွက်ပေးထားပြီး လုံခြုံရေးကိုလည်း စနစ်တကျဆောင်ရွက်ပေးထားတယ်လို့ ရွှေစာရံဘုရားဂေါပက ဥက္ကဋ္ဌကလည်း အခုလိုပြောပါတယ်။ ရွှေစာရံဘုရားဟာ မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်မှာရှိပြီး အနော်ရထာမင်းကြီးရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ ရှမ်းမင်းသမီးစောမွန်လှတည်ခဲ့တဲ့ သမိုင်းဝင်ဘုရားတစ်ဆူဖြစ်တယ်လို့ သိရပါတယ်။

 

 

 

Related News