မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ဖို့ အာဆီယံနိုင်ငံတွေက ထိပ်တန်းမီဒီယာတွေနဲ့ ခရီးသွားအကြောင်း ရေးသားတဲ့Bloggers တွေကိုဖိတ်ခေါ်ပြီး ရန်ကုန်၊ ပုဂံနဲ့အင်းလေးကို ပို့ဆောင်မိတ်ဆက်ပေးမယ်လို့ 
သိရပါတယ်။အိမ်နီးချင်းနိုင်ငံတွေမှာတော့ ခရီးသွားပိုမိုဝင်ရောက်နိုင်ဖို့နဲ့ ကိုယ့်နိုင်ငံရဲ့လည်ပတ် စရာနေရာတွေအကြောင်း နိုင်ငံတကာက ပိုသိလာအောင်အခုလိုအစီအစဉ်တွေကို ပုံမှန်ပြုလုပ် နေကျပါ။ 
မြန်မာနိုင်ငံမှာတော့ ဒါဟာ ပထမဆုံးအကြိမ်စတင်ပြုလုပ်တာဖြစ်ပြီး မြန်မာနိုင်ငံက ခရီးသွားအကြောင်းရေးသားတဲ့ Blogger တွေနဲ့ဖွဲ့ထားတဲ့ Myanmar Travel Bloggers Club က စီစဉ်တာဖြစ်ပါတယ်။
 
Myanmar Travel Bloggers Club Asean Travel Media and Blogger Fam  လို့အမည်ပေးထားတဲ့ဒီခရီးစဉ်မှာတော့ ဘရူနိုင်းနဲ့ လာအိုနိုင်ငံကလွဲပြီး ကျန်တဲ့အာဆီယံနိုင်ငံ(၇)နိုင်ငံက မီဒီယာနဲ့ခရီးသွားအကြောင်း 
ရေးသားသူ (၂၈)ယောက် လိုက်ပါမှာဖြစ်ပြီး ပြည်တွင်းက (၇)ဦးပါဝင်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဖေဖော်ဝါရီ(၁၂)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ တစ်ပတ်လောက် ကြာမြင့်မှာဖြစ်ပြီး ခရီးစဉ် အကြောင်း 
မိတ်ဆက်တဲ့အခမ်းအနားကိုတော့ ဖေဖော်ဝါရီ(၁၂)ရက် က ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။
 
အခုခရီးစဉ်ဟာ ပထမဆုံးအကြိမ် ဖြစ်လို့ အစားအသောက်တည်းခိုနေထိုင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေတဲ့နေရာတွေကို ရွေးချယ်ပို့ဆောင်ပေးတာလို့ သိရပါတယ်။ ရန်ကုန်မှာ ဆိုက္ကားစီးတာ ၊မုန့်ဟင်းခါးစားတာ လိုမျိုး၊ အင်းလေးမှာ ငါးဖမ်းတာမျိုးနဲ့ ပုဂံမှာ မြင်းလှည်းစီးတာမျိုး မြန်မာ့ဓလေ့တွေကို ပြသမှာဖြစ်သလို ရှေးဟောင်း အဆောက်အဦးတွေ၊ အမွေအနှစ်တွေနဲ့ လည်ပတ် ချင်စရာအလှအပ တွေကို မိတ်ဆက်ပေးမယ်လို့ ပြောပါတယ်။မြန်မာနိုင်ငံကိုတော့ ၂၀၁၆ခုနှစ်က နိုင်ငံခြားခရီးသွားဧည့်သည် ၂.၉သန်း ၀င်ရောက်ခဲ့ပြီး မနှစ်က ၂၀၁၇ ခုနှစ်မှာတော့ ၃.၄၄သန်းဝင်ရောက်ခဲ့တာကြောင့် ၁၈ရာခိုင်နှုန်းကျော်တိုးတက်ခဲ့ တာဖြစ်ပါတယ်။ 
 
 
 

Related News