ဇန်န၀ါရီလ(၁၃)ရက်နေ့ကနေ ဇန်န၀ါရီလ(၁၇)ရက် အထိပြသနေတဲ့ သစ်ခွပြပွဲမှာ လာရောက် ကြည့်ရှုသူဦးရေဟာ (၅၀၀၀)နီးပါးရှိနေတယ်လို့ မင်္ဂလာဒုံဥယျာဉ်မြို့တော်မှ တာဝန်ရှိသူထံမှ သိရပါတယ်။မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဒေသပေါင်းစုံမှာ ပေါက်ရောက်လျက်ရှိတဲ့ ပြည်တွင်းသစ်ခွမျိုးစိတ်တွေကို တစ်နေရာထဲမှာ လာရောက်လေ့လာ မြင်တွေ့နိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ သစ်ခွပွဲတော်မှာ သစ်ခွမျိုးစိတ်အပင်ပေါက်တွေကိုပါ ရောင်းချပေးနေတာကြောင့် လာရောက်ကြည့်ရှုကြတဲ့ ပြည်သူတွေအနေနဲ့ အိမ်တွေမှာ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်ဖို့အတွက် သစ်ခွပွဲတော်ကို အဓိထားရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်။
 
သစ်ခွပွဲတော်ကို (၅)ရက်တာ ကျင်းပပြုလုပ်တာဖြစ်ပြီး ဇန်န၀ါရီလ (၁၆)ရက်နေ့အထိ (၄)ရက်အတွင်း စစ်တမ်းကောက်ယူချက်အရ လာရောက် ကြည့်ရှုသူဦးရေဟာ (၅၀၀၀)နီးပါးရှိနေတယ်လို့ မင်္ဂလာဒုံဥယျာဉ်မြို့တော်တာဝန်ခံမှ အခုလို ပြောပါတယ်။သစ်ခွပြပွဲကို မပြုလုပ်ဖြစ်တာ (၁၇)နှစ်နီးပါး ရှိနေဖြစ်ပြီး ယခု(၂၀၁၈)ခုနှစ်မှာ ပထမဆုံး အကြိမ်ပြန်လည်ပြုလုပ်ဖြစ်တာလို့ သိရပါတယ်။ လာရောက်ကြည့်ရှုကြတဲ့ ပြည်သူတွေအနေနဲ့လည်း သစ်ခွစိုက်ပျိုးပုံတွေကို လေ့လာကြတဲ့သူတွေအပြင် အိမ်မှာစိုက်ပျိုးဖို့နဲ့ လက်ရှိသစ်ခွစိုက်ပျိုး ထုတ်လုပ် သူတွေလည်း လာရောက်ကြည်ရှုဝယ်ယူကြတာကို တွေ့ရပါတယ်။
 
သစ်ခွပြပွဲအတွင်း လာရောက်ရောင်းချကြတဲ့ သစ်ခွအရောင်းဆိုင်တွေအနေနဲ့လည်း နယ်ဘက် တွေက သစ်ခွကုမ္ပဏီကြီးတွေ အပါအ၀င်ရန်ကုန်မှ သစ်ခွအရောင်းဆိုင်လေးတွေလည်း ပါဝင်ပါတယ်။သစ်ခွအရောင်းဆိုင်တွေမှာဝယ်ယူမှုအများဆုံးကတော့ လိပ်ပြာသစ်ခွ၊ ဒန်နိဗီယမ်၊ မိုကာတာ၊ ပိန်းပန်းအစရှိတဲ့ ပန်းပင်တွေကို လူကြိုက်များကြတယ်လို့ သိရပါတယ်။ သစ်ခွပွဲတော်ကို လာရောက် ကြည့်ရှုသူဦးရေများပြားတာကြောင့် သစ်ခွအရောင်းဆိုင်အသေးတွေကတော့ တစ်ရက်ရောင်းအား (၅)သိန်း ၀န်းကျင်ရှိပြီး အရောင်းဆိုင်ကုမ္ပဏီကြီးတွေအနေနဲ့ (၁)ရက်ကို သစ်ခွရောင်းအား ငွေကျပ် ဆယ်သိန်းမှ သိန်းနှစ်ဆယ်ထိ ရောင်းအားရှိတယ်လို့ ပြောပါတယ်။
 
သစ်ခွပြပွဲမှာ မြန်မာ့သစ်ခွ (၃၅)မျိုး၊ ဒေသမျိုးသစ်ခွ (၂၅)မျိုး ၊ စိုက်မျိုးသစ်ခွ(၄၅)မျိုးနဲ့ စုစုပေါင်း သစ်ခွမျိုးစိတ်ပေါင်း (၁၀၀)နီးပါးပြသရောင်းချနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သစ်ခွပြပွဲနောက်ဆုံးနေ့မှာတော့ သစ်ခွပန်းပင်တွေကို လျှော့ဈေးနဲ့ ရောင်းချပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သစ်ခွပြပွဲပြုလုပ်ထားတဲ့ မင်္ဂလာဒုံဥယျာဉ်ကို (၁၉၈၃)ခုနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး (၁၉၈၅)ခုနှစ်မှစတင်ပြီး သစ်ခွစိုက်ပျိုးရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
 
 

Related News