တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ရဲ့ (၁၁၂)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို ရန်ကုန်မြို့ တိရစ္ဆာန် ဥယျာဉ်ထဲမှာ ဇန်န၀ါရီလ(၁၃)ရက်နှင့်(၁၄)ရက် (၂)ရက်တာကျင်းပနေတာဖြစ်ပါတယ်။တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) (၁၁၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ခိုင်နှင်းဝေပရဟိတ လူငယ်များ အသင်းနဲ့ပူးပေါင်းပြီး Yangon Zoo Donation Fair ကိုပြုလုပ်နေတာ ဖြစ်ပါတယ်။    တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)အနေနဲ့ နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကို အခုလိုပရဟိတအသင်းတွေနှင့် ပြုလုပ်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ အခုလို Yangon Zoo Donation Fair ကိုပြုလုပ်တာဟာ ကလေးသူငယ်တွေ အနေနဲ့ တိရစ္ဆာန်တွေရဲ့ပြုမူနေထိုင်မှုတွေသိရှိစေနိုင်ပြီး အသိပညာ ဗဟုသုတတွေ လေ့လာသိရှိစေနိုင်ဖို့အတွက်ဖြစ်တယ်လို့ ပြောပါတယ်။
 
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ကို ၁၉၀၁ခုနှစ်မှာ ပြည်သူလူထုထံကရရှိတဲ့ အခွန်ငွေတွေနဲ့ စတင်အကောင်ထည်ဖော်ခဲ့ပြီး ၁၉၀၆ခုနှစ် ဇန်န၀ါရီလ(၂၅)ရက်က ရန်ကုန်တိရစ္ဆာန် ဥယျာဉ်နှင့် ၀ိတိုရိယဘုရင်မပန်းခြံဆိုပြီး စတင်ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုပြုလုပ်နေတဲ့ Yangon Zoo Donation Fair ကရရှိလာမယ့်အကျိုးအမြတ်တွေကိုတော့ မိဘမဲ့ ကလေးငယ်တွေ၊ ရောဂါဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေအတွက် ဦးစားပေးလှူဒါန်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
 
ဒီပွဲကို ပြီးခဲ့တဲ့နှစ်တွေက ဇန်န၀ါရီလ(၂၅)ရက်နေ့မှသာ ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ကျောင်းနေအရွယ်ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းသားလူငယ်တွေနဲ့ ကလေးသူငယ်တွေ အတွက်ကို လည်း ပညာပေးအစီအစဉ်တွေအပြင် ပျော်ရွှင်စရာဂိမ်းကစားနည်းတွေကိုပါ ပြုလုပ်ပေးသွားမယ်လို့ လည်းပြောပါတယ်။ ဒါ့အပြင် အနုပညာရှင်တွေကလည်းYangon Zoo Donation Fair မှာ ပါဝင်ဖျော်ဖြေသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ 
 
 
 

Related News