ပြန်ကြားရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့Forever Group မှစီစဉ်ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲရဲ့ ပဏာမအဆင့်ပြိုင်ပွဲ ဒုတိယနေ့ကို သြဂုတ်လ(၂၈)ရက်မှာ ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်။ ဒုတိယနေ့မှာတော့ အငြိမ့်အဖွဲပေါင်း(၅)ဖွဲ့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရန်ကုန်မှာကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲမှာတော့ အငြိမ့်အဖွဲ့ဝင်ပေါင်း (၂၁)ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး သြဂုတ်လ(၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ(၄)ရက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ပထမနေ့ဖြစ်တဲ့ သြဂုတ်လ(၂၇)ရက်နေ့မှာ အငြိမ့်အဖွဲ့အပေါင်း (၅)ဖွဲ့ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယနေ့မှာလည်း(၅)ဖွဲ့ ထပ်မံယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲရဲ့ အုပ်စုပတ်လည်အဆင့်မှာ ဒါရိုက်တာမောင်သီ၊ ဦးဝင်းနိုင်(အနုပညာ)၊ ဆရာမကြီး ဒေါ်နုနုစိန်၊ ဒေါ်သီတာဝင်းနဲ့ (ဆိုင်း)သီရိမောင်မောင်တို့က အကဲဖြတ်ဒိုင်အဖြစ် အမှတ်ပေး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
 
မြန်မာ့ဒီမိုကရေစီအငြိမ်ြ့ပိုင်ပွဲကို ရန်ကုန်နဲ့ မန္တလေးမြို့မှာတွေမှာကျင်းပနေတာဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့အငြိမ့်အဖွဲ့ဝင်တွေထဲမှ နောက်ဆုံးအဆင့်အနေနဲ့(၇)သင်းကို ရွေးချယ်သွားမှာ ဖြစ်ပြီး အဲ့ဒီရွေးချယ်ခံရတဲ့(၇)သင်းဟာ စက်တင်ဘာလ(၂၀)နဲ့(၂၁)ရက်နေ့တွေမှာ နောက်ဆုံး အဆင့်ပြိုင်ပွဲကို ရန်ကုန်မှာ ယှဉ်ပြိုင်ကြရမှာပါ။ ပြိုင်ပွဲမှာတော့ တစ်ဖွဲ့ကို အချိန်(၁)နာရီ သတ်မှတ်ပေးထားပြီး ဒီပြိုင်ပွဲကနေ ပထမဆု၊ ဒုတိယဆု၊ တတိယဆုအပါအ၀င် အကောင်းဆုံးမင်းသမီးဆု၊ အကောင်းဆုံးလူရွှင်တော်အဖွဲ့ဆု၊ ပရိတ်သတ်အကြိုက်ဆုံးအဖွဲ့ဆု၊ ဆိုင်းအကောင်းဆုံးဆု၊ နှစ်သိမ့်ဆုတွေနဲ့အထူးဆုတွေကို ချီးမြှင့်သွားမှာဖြစ်တယ်လို့သိရပါတယ်။
 

Related News