ဂျပန်ဘာသာဆရာဖြစ်မွမ်းမံသင်တန်း ဖွင့်ပွဲကို ဒီဇင်ဘာ(၇)ရက်က ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL) မှာပြုလုပ်ခဲ့ပါတယ်။ဒီသင်တန်းကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် စတုတ္ထနှစ်တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူများနဲ့ ပုဂ္ဂလိက ဂျပန်ဘာသာသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများအတွက် ရည်ရွယ်ပြီး သင်တန်းချိန်မတူအောင်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းကိုတော့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်  စတုတ္ထနှစ်တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူများ အတွက် ဒီဇင်ဘာ(၁၀)ရက်ကစပြီး တနင်္လာ၊အင်္ဂါ နဲ့ သောကြာနေ့တွေမှာ တစ်ပတ်ကို(၃)ရက်ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းကြေးအနေနဲ့ စာရွက်စာတမ်းကြေး ငွေကျပ်(၃)သောင်းသာပေးသွင်းရမှာဖြစ်ပါတယ်။ ပုဂ္ဂလိကဂျပန်ဘာသာသင်တန်းကျောင်းမှ ဆရာ၊ဆရာမများအတွက် ဒီဇင်ဘာ(၈)ရက်ကစပြီး တစ်ပတ်ကို  (၂)ရက် စနေ၊တနင်္ဂနွေနေ့တွေမှာ ဖွင့်လှစ်သင်ကြား ပေးသွားမှာဖြစ်ပါတယ်။  သင်တန်းကြေးအနေနဲ့(၁၈၀၀၀၀)ကျပ်နဲ့ စာရွက်စာတမ်းကြေးအဖြစ်ငွေကျပ်(၃)သောင်းသာပေးသွင်းရမှာဖြစ်တယ်လို့သိရပါတယ်။သင်တန်းကာလအနေနဲ့ ပထမနှစ်ဝက်ကို (၂၀၁၈)ခုနှစ် ဒီဇင်ဘာလကနေ (၂၀၁၉)ခုနှစ် မတ်လအထိ (၄)လ တက်ရောက်သင်ကြားရမှာဖြစ်ပြီး ဒုတိယနှစ်ဝက်ကိုတော့ ဇွန်လကနေ စက်တင်ဘာလအထိ(၄)လ သင်ကြားရမှာဖြစ်တယ်လို့သိရပါတယ်။

ဂျပန်ဘာသာဆရာဖြစ်မွမ်းမံသင်တန်းမှာ ဂျပန်ဘာသာစကားပြောစွမ်းရည်တိုးတက်လာစေဖို့အတွက် အခြေခံအဆင့်၊ အခြေခံအလယ်တန်းအဆင့် ဆိုပြီး သင်ကြားပေးသွားမယ်လို့သိရပါတယ်။ဒီသင်တန်းကို ဂျပန်ဘာသာပညာရေးကိုထောက်ပံ့ပေးနေတဲ့ ဂျပန်ဖောင်ဒေးရှင်းနဲ့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့မှ ပထမဆုံးအကြိမ်ပူးပေါင်းဖွင့်လှစ်တာဖြစ်ပါတယ်။ ဂျပန်ဘာသာကိုသင်ကြားလိုသူတွေအတွက် ကောင်းမွန်တဲ့သင်ကြားရေးနည်းလမ်းများကို သင်ကြားနိုင်စေဖို့ ဂျပန်ဘာသာဆရာ၊ဆရာများအတွက် ရည်ရွယ်ဖွင့်လှစ်သင်ကြားပေးတာဖြစ်တယ်လို့သိရပါတယ်။ 

 

 

 

 

Related News